BBC navigation

မြန်မာဘဏ်တွေနဲ့ Western Union တို့ စာချုပ်

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 01:12 GMT
_burma_money_world_bank

မြန်မာပြည်တွင်းကို မိနစ်ပိုင်းအတွင်း ငွေလွှဲနိုင်ပြီ

အမေရိကန် အခြေစိုက် ငွေလွှဲ လုပ်ငန်း ဖြစ်တဲ့ Western Union ငွေလွှဲ လုပ်ငန်းနဲ့ မြန်မာ နိုင်ငံက ပုဂ္ဂလိက ဘဏ် ၇ ခုတို့ ပြည်တွင်း ပြည်ပ ငွေလွှဲ လုပ်ငန်းတွေ လုပ်ဖို့ အတွက် တရားဝင် သဘောတူ စာချုပ်တွေ ချုပ်ဆို ခဲ့ကြပါတယ်။

အဲဒီ ဘဏ်တွေ ကတော့ ကမ္ဘောဇ ဘဏ်၊ သမဝါယမ ဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာ ရှေ့ဆောင်ဘဏ်၊ မြန်မာ့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ် နဲ့ ယူနိုက်တက် အမရာဘဏ် တွေပဲ ဖြစ်ကြပါတယ်။

အဲဒီလို ဘဏ် ၇ ဘဏ်နဲ့ ငွေလွှဲဖို့ စာချုပ် နိုင်တဲ့ အတွက် ပြည်ပက မြန်မာ တွေအဖို့ ပြည်တွင်းကို ငွေလွှဲတဲ့ အခါမှာ မိနစ်ပိုင်း အတွင်း ရောက်နိုင် တော့မှာ ဖြစ်တယ်လို့ Western Union ကပြော ပါတယ်။

ဒီလို ငွေလွှဲတာမျိုးနဲ့ အရင်က မြန်မာတွေ အသုံးပြု နေခဲ့ကြတဲ့ ဟွန်ဒီ ငွေလွှဲ တာမျိုးတွေနဲ့ ဘာကွာ သလဲ ဆိုတာကိုတော့ ကမ္ဘောဇ ဘဏ်ရဲ့ ဒုတိယ ဥက္ကဌ ဦးသန်းလွင်က Western Union ရဲ့ ငွေလွှဲ လုပ်ငန်း တွေဟာ ကမ္ဘာ တဝန်းမှာ လည်ပတ် နေတာ ဖြစ်သလို အမေရိကန် အစိုးရရဲ့ စည်းမျဉ်း စည်းကမ်းတွေ အတွင်းမှာ လုပ်နေရတာ ဖြစ်လို့ ပိုပြီး စိတ်ချရတယ်လို့ ပြောပါတယ်။

အခုလို မိနစ်ပိုင်း အတွင်း ငွေလွှဲလို့ ရမယ်လို့ ပြောခဲ့ပေမယ့် ငွေလဲလှယ်နှုန်း နဲ့ ပတ်သက်လို့တော့ ပြောကြားသွားခြင်း မရှိသေးပါဘူး။ တကယ်လို့သာ ငွေလဲနှုန်းက ဟွန်ဒီတွေထက် ပိုပြီး သက်သာမယ် ဆိုရင်တော့ ပြည်ပရောက် မြန်မာ ရွေ့ပြောင်း အလုပ်သမား တွေအတွက် တကယ်ကို အလုပ်ဖြစ် လာနိုင်ပါတယ်။

လောလောဆယ်မှာတော့ ပြည်ပကသာ မြန်မာ ပြည်တွင်းကို ငွေလွှဲလို့ ရနိုင်သေးပြီး ပြည်တွင်းကနေ ပြည်ပကို ငွေလွှဲဖို့တော့ မရသေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။