BBC navigation

ဒေါ်အောင်ဆန်းစုကြည် ဒုတိယဗိုလ်ချုပ်ကြီးကို ခေါ်တွေ့

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 16:22 GMT
Aung San Suu Kyi

စစ်တပ်ပိုင် စီးပွားရေးဦးပိုင် ဥက္ကဌ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြပွဲ နောက်ဆက်တွဲ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ခေါ်ယူ တွေ့ဆုံပြီး စီမံကိန်းကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးဟာ မြန်မာစစ်တပ်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိကြီးတွေထဲက တဦးဖြစ်ပြီး၊ တပ်ရာထူးက စစ်ရေးချုပ် ဖြစ်သလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပူးတွဲ လုပ်ကိုင်နေတဲ့ မြန်မာစစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက်ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

မနေ့က တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ကြား ဘာတွေကို အဓိကထား ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော် မပြောသေးဘဲ မနက်ဖြန်မှာတော့ ကော်မရှင်က သတင်းထုတ်ပြန် သွားမယ်လို့ ဘီဘီစီက သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ရဲ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ် ကုမ္ပဏီ ဝမ်ပေါင်တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေကြတာ ဖြစ်ပြီး၊ ဒေသခံ တောင်သူတွေကတော့ ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်းလိုက်ဖို့ ဆန္ဒပြမှုတွေ ဆက်တိုက် ဆောင်ရွက်ခဲ့ပါတယ်။

တကြိမ်မှာတော့ အစိုးရ အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့အတွက် သံဃာတော်တွေ အပါအဝင် ဆန္ဒပြသူတွေ မီးလောင်ကျွမ်း ဒဏ်ရာ ရခဲ့ပါတယ်၊ အဲဒီနောက်မှာမှ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန် ပေးခဲ့တာဖြစ်ပြီး၊ အခုလကုန် မတိုင်ခင် သမ္မတဆီကို အစီရင်ခံစာ တင်သွင်း ရမှာလည်း ဖြစ်ပါတယ်။

အရင်စစ်အစိုးရ လက်ထက်က စစ်တပ် ထိပ်ပိုင်း အရာရှိကြီးတွေနဲ့ တခါတရံမှသာ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပေမယ့် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို စစ်တပ် ထိပ်ပိုင်း အဆင့်မြင့် ခေါင်းဆောင် တယောက်ကို ခေါ်ယူ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။