BBC navigation

တိုင်တေနီယံ သတ္တုပါတဲ့သဲကို တရုတ်က ဝယ်ယူလို

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 23:11 GMT
Ngapali

ရခိုင်ပြည်နယ် ငပလီ ကမ်းခြေမှာ သဲ၊ ဘိလပ်မြေ တွေနဲ့ အလုပ်လုပ်နေသူ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သား

ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် အငုံမော် ပင်လယ် ကမ်းခြေနဲ့ မောင်တော တောင်ပိုင်းက အလယ် သံကျော် ပင်လယ် ကမ်းခြေက သဲတွေမှာ အဖိုးတန် တိုင်တမ်နီယံလို ဓါတ်သတ္တုတွေ ရော ပါနေတဲ့ အတွက် တရုတ် စီးပွားရေး သမား တွေက သဲတွေကို စီးပွားဖြစ် ၀ယ်ယူဖို့ လာရောက် စမ်းသပ်မှုတွေ ပြုလုပ် နေပါတယ်။

စမ်းသပ်မှု တွေ ပြုလုပ်နေတာကို ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် သစ်တောနဲ့ သတ္တု ၀န်ကြီး ဦးအောင်သန်းတင်က ပြောပါတယ်။

သဲတွေမှာ တိုင်တမ် နီယမ်တွေ အပြင် တခြား အလူ မီနီယမ်လို ဓါတ်သတ္တု တွေလည်း ရောပါ နေတယ်လို့ ဘူမိဗေဒ ပညာရှင် တွေရဲ့ အပြော အရ သိရပါတယ်။ အခု သဲတွေကို စမ်းသပ် နေတဲ့ ပင်လယ် ကမ်းခြေတွေဟာ မိုင်ပေါင်း၂၀ ခန့် ရှည် လျားတဲ့ အတွက် တရုတ် တွေကတော့ စီးပွားဖြစ် ထုတ်လုပ်ဖို့ ရည်ရွယ် နေတယ်လို့ ဆိုပါတယ်။ တရုတ် စီးပွားရေး သမားတွေဟာ အရင် ကလည်း အဲဒီသဲတွေကို ထုတ်လုပ်ဖို့ ကြိုးပမ်း ခဲ့ဖူး ပါတယ်။

အခု တစ်ကြိမ် မှာတော့ မြေစာရင်း ဌာန အရာရှိ တွေနဲ့ မြေနေရာ တွေကို ပုံစံ ဆွဲတာတွေကို စတင် ပြုလုပ်နေပြီလို့ ရသေ့တောင် ဒေသခံ တစ်ဦးက ပြောပါတယ်။

၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်က ပထမ တစ်ကြိမ် သဲတွေကို စမ်းသပ် တုန်းက ပင်လယ် ရေအောက် ၆ ပေခန့် ကို စက်ကြီး တွေနဲ့ တူးပြီး သဲအိတ်ပေါင်း ၃၀၀၀၀ ခန့် ယူဆောင် သွားခဲ့ပါတယ်။

တိုင်တေနီယံ သတ္တုဟာ ပေါ့ပါး မာကျောပြီး လေယာဉ်အင်ဂျင် ၊ မစ်ဇိုင်း ဒုံးကျည်နဲ့ အာကာသ ယာဉ်တို့မှာ အသုံးပြု နိုင်တယ်လို့ ပညာရှင် တွေက ဆိုကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။