BBC navigation

အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 15:09 GMT
India Rape

အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြတာပါ။

ပြီးတဲ့သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့် သေဆုံးသွားခဲ့ရပြီး၊ ဒီကနေ့ပဲ သင်္ဂြိုဟ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေ ကြားမှာလည်း စိုးထိတ်မှုတွေ ရှိနေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုဆိုတာ ဖြစ်နေကျ ပြစ်မှုတခုလို့ ဆိုရပေမယ့် အခုလို တနိုင်ငံလုံး ဟိုလေးတကျော်ဖြစ်လို့ ပြည်သူတွေ ဒေါသထွက်၊ မကျေနပ်ကြဘဲ ဆန္ဒပြမှုတွေ၊ အစိုးရကို အရေးတယူ ချက်ချင်း ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ် အပြီးမှာ မြန်မာအမျိုးသမီးတွေကြားမှာလည်း အခုလို ကြောက်ရွံ့မှုတွေ ရှိနေကြတာလို့ ဒေလီက ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။

ဒေလီက မခိုင်ခိုင်ထွေးကတော့ အခုလို သတင်းတွေကြားပြီးနောက်မှာ သူဟာ တယောက်ထဲ အပြင်မသွားရဲတော့ဘူး၊ အထူးသဖြင့် ညနေခင်းနဲ့ မိုးကြီးချုပ်ရင် အပြင်မထွက်တော့ဘူး။ လုံခြုံမှု မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယမှာ သူ့နိုင်ငံသားချင်းတောင် အခုလို ရက်ရက်စက်စက် ကျူးလွန်မှုတွေ ရှိနေတော့ နိုင်ငံခြားသားအဖြစ် နေရသူတွေ၊ ဒုက္ခသည်အဖြစ်နဲ့ မှီခိုနေရသူတွေအတွက် ပို့လို့တောင် စိတ်ပူဖို့ ကောင်းတယ်လို့ ပြောဆို သုံးသပ်မှုတွေလည်း ရှိကြပါတယ်။

မမီးမီးကတော့ အိန္ဒိယမှာ နေရမှာကိုတောင် သူ့အနေနဲ့ ကြောက်နေမိပြီး၊ အိန္ဒိယ အမျိုးသားတချို့က ပါးစပ်နဲ့ စတာ၊ လက်ကပါတာတွေဟာ အမြဲမြဲလိုလို ကြားနေ၊ ကြုံနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးတွေရဲ့ အရှက်၊ သိက္ခာနဲ့ လုံခြုံရေးအတွက် နေ့ခင်းဘက် အပြင်ဘက် ထွက်မယ်ဆိုရင်တောင် အုပ်စုလိုက် ထွက်တာက ကောင်းတယ်၊ နေ့ခင်းဘက် တယောက်ထဲ၊ နှစ်ယောက်ထဲ အပြင်ဘက် သွားကြရင်တောင် စိတ်ပူဖို့ ကောင်းတယ်လို့ ဆက်ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အိန္ဒိယမှာ အမျိုးသမီးတွေရဲ့ ဘဝတွေ လုံခြုံဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖို့ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ လူထုကို ကတိပြုထား ပါတယ်။

အဖြစ်အပျက်တွေဖြစ်ပွားပြီးနောက် ဆန္ဒပြမှုတွေကလည်း ရှိနေတဲ့အတွက် နယူးဒေလီက လမ်းမတွေမှာတော့ လုံခြုံရေးတွေက တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။