BBC navigation

အစိုးရတပ်က ကချင်တပ်ကို ဝေဟင်က တိုက်

နောက်ဆုံး ရေးသားချိန် 23 ဒီဇင်ဘာလ 2012 - 15:18 GMT
Kachin Fighting

အခုလို မြေပြင်တိုက်ခိုက်မှုတွေ သာမက တော့ဘဲ ဝေဟင်ကနေ တိုက်ခိုက်မှုတွေပါ ပါဝင်လာခဲ့ပြီလို့ ဆိုကြပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ကြား တိုက်ခိုက်မှုတွေ ရှိနေတာမှာ အခုတော့ အစိုးရတပ်ဘက်က ဝေဟင်ကနေ တိုက်ခိုက်မှုတွေ ပြုလုပ်လာတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ဘီဘီစီကို ပြောပါတယ်။

တပ်မဟာ ၅ လက်အောက်ခံ ရှေ့တန်းစခန်းကို အစိုးရတပ်က တိုက်တာမှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ကူမှုတွေပါ ပြုလုပ်လာတယ်၊ ဒါကြောင့် သူတို့ဘက်ကတော့ လက်နက်ငယ်တွေနဲ့ ပြန်လှန် ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အို ပြောခွင့်ရ ပုဂ္ဂိုလ်နဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့တွေကို လျှပ်စစ်ဓာတ်အား ပေးနေတဲ့ မလိရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံနားမှာ လက်နက်ကြီးကျည် ခြောက်ခု ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူက ဆက်လက် ပြောပါတယ်။

တပ်မတော်အရာရှိဟောင်း ဖြစ်ပြီး၊ လက်ရှိမှာတော့ သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးဇော်ဌေးကတော့ အစိုးရတပ်က ရဟတ်ယာဉ်တွေ သုံးတာဟာ ရိက္ခာထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးအတွက် သုံးတာ ဖြစ်တယ်၊ တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူး၊ မိုင်းတွေ ရှိနေလို့ ကုန်းကြောင်းက သွားတာထက် ဝေဟင်က သွားတာက ပိုအန္တရာယ် ကင်းတာမို့ သုံးတာပါလို့ တုန့်ပြန် ရှင်းလင်းပါတယ်။

ဦးလာနန်းကတော့ ဒါကို လက်မခံဘဲ ပြည်တွင်းစစ်မှာ ရဟတ်ယာဉ် သုံးလာတဲ့ သဘောကို အားလုံး အနေနဲ့ သုံးသပ်နိုင်ကြပါတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုကို ဒီဇင်ဘာလ အတွင်းမှာ အကြိမ်ရေ များများ သုံးလာပြီး စစ်ဆင်ရေး အရှိန် မြှင့်တင်လာတယ်လို့ ဆိုပါတယ်။

တပ်မတော်အရာရှိဟောင်းနဲ့ လက်ရှိ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အခုလို ရဟတ်ယာဉ် သုံးတာဟာ တပ်တွေကို တာဝန်ခံကြတဲ့ တပ်ခေါင်းဆောင်တွေကြား မညှိနှိုင်းကြလို့ ဖြစ်ရတာလို့ ရွှေလီ ဆွေးနွေးပွဲ မအောင်မြင်တဲ့ အပေါ်ကို ထောက်ပြ ပြောဆိုပါတယ်။

အစိုးရနဲ့ ကချင်ကြား ပြီးခဲ့တဲ့တခေါက် ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အစိုးရတပ်ဘက်က ဗိုလ်ချုပ်ကြီးမြင့်စိုးက ဆွေးနွေးဖို့ အသင့်ရှိခဲ့ပေမယ့် ကချင်တပ်ဘက်က ဗိုလ်ချုပ်ဂွမ်မော်က တက်ရောက် ဆွေးနွေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အခုလို နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ကုန်တာလို့ သူ့အနေနဲ့ ထင်မြင် ယူဆကြောင်း ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

တရုတ်ဖြူ ကူမင်တန်တွေကို တိုက်ထုတ်တုန်းက တခါ၊ ကရင်နဲ့ ရှမ်းပြည်မှာ တိုက်စဉ်က တခါ၊ အရေးပေါ် ရွှေ့ပြောင်း ကယ်ထုတ်ရတဲ့ ကိစ္စတွေရှိတဲ့အခါ အစိုးရတပ်ဘက်ကနေ ရဟတ်ယာဉ်တွေ သုံးခဲ့တာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဦးလာနန်းကတော့ အခုလို အစိုးရဘက်က ဝေဟင်ကနေပါ တိုးမြှင့် တိုက်ခိုက်လာတာဟာ ဝန်ကြီး ဦးအောင်မင်းတို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ကေအိုင်အိုကြား ဆွေးနွေး ပြောဆိုနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်နှေးသွားနိုင်တယ်လို့ ထင်မြင်ချက် ပေးပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။