BBC navigation

ဥပဒေဆိုင်ရာ ပြုပြင်ဖို့ ရှေ့နေအဖွဲ့ အကြံပြု

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 01:10 GMT
International Bar Association

နိုင်ငံတကာ ရှေ့နေအသင်းဟာ ဥပဒေဆိုင်ရာ အဖွဲ့ဝင် လေးသောင်း ခွဲကျော်ရှိ

မြန်မာနိုင်ငံမှာ လူထုကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ နဲ့ ရှိပြီးသား လူထုအကျိုးပြု ဥပဒေတွေကိုလည်း လူထု ခံစားခွင့်တွေ ရနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့နဲ့ ဆောင်ရွက်ခွင့်ရဖို့ နိုင်ငံတကာ ရှေ့နေအသင်းက ထောက်ပြ အကြံပြုလိုက်ပါတယ်။

ဒီအသင်းရဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ IBAHRI က ထုတ်ပြန်တဲ့ စာမျက်မှာ ၁၀၀ ကျော်ပါ The Rule of Law in Myanmar: Challenges and Prospects မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုများနဲ့ အလားအလားများလို့ အမည်ပေးထားတဲ့ အစီရင်ခံစာထဲက ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ရှေ့နေအဖွဲ့အစည်းပေါင်း ၂၀၀ ကျော် ပါဝင်တဲ့ ဒီအသင်းကြီးက အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး အစိုးရဘက်က ရှေ့နေချုပ်၊ ရဲချုပ်၊ တခါ ဒေါ်အောင်ဆန်း စုကြည်တို့လို နိုင်ငံရေးသမားတွေ အပြင် ဥပဒေရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခု အစီရင်ခံစာထဲမှာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အချက် ၃၀ နီးပါးလောက်ကို အကြံပြုထားပြီး နေ့ချင်း ညချင်း လုပ်ဖို့ မလွယ်ကူပေမယ့် သက်ဆိုင်သူအားလုံးနဲ့ ပေါင်းစပ် လုပ်ကိုင်ပြီး စနစ်တကျ ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ အစီရင်ခံစာ ရေးသားသူ ရှေ့နေ ဆာကာကတ် ကာဒရီက ဘီဘီစီကို ပြောပါတယ်။

''အရင်အစိုးရလက်ထက်က ပြည်သူတွေကို ဖိနှိပ်ထားခဲ့တဲ့ ဥပဒေတွေကို ပြုပြင်ရမယ်၊ ဒါမှမဟုတ် ပယ်ဖျက်ရမယ်။ ဒီအတွက် ဥပဒေများ ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဆိုတာမျိုးကို ဖွဲ့စည်းရမယ်။ တရားသူကြီးတွေဟာ အင်မတန်မှ ခြစားတယ်လို့ ထောက်ပြတာတွေ ရှိတဲ့အတွက် လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ တရားသူကြီးတွေ ရွေးချယ် ခန့်အပ်တဲ့ စနစ်ကိုလည်း ပြောင်းလဲရမယ်။ မြန်မာ လူ့အခွင့်အရေး ကော်မရှင်ကို ပြုပြင်ပြောင်းလဲရမယ်''လို့ သူက ပြောသွားပါတယ်။

နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာရဲ့ပြုပြင်ပြောင်းလဲမှုတွေကို ကူညီ ထောက်ပံ့ကြဖို့နဲ့ မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ ဘယ်သူ့ကိုမဆို ကူညီပံ့ပိုး ပေးတာမျိုး ဖြစ်အောင် လုပ်ဆောင်ဖို့ကိုလည်း လိုအပ်တယ်လို့ ရှေ့နေ ဆာဒါကတ် ကာဒရီက ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။