BBC navigation

ထားဝယ်ဆိပ်ကမ်းကိစ္စ နှစ်နိုင်ငံ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 17:10 GMT
ထားဝယ်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်

ထားဝယ်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်

ထိုင်းဝန်ကြီးချုပ်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ကြရာမှာ နယ်စပ်ဂိတ် အသစ်ဖွင့်ဖို့ ၊ အလုပ်သမားအရေးနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာဘက်က သတင်း ထုတ်ပြန်ပါတယ်။

ထားဝယ်ရေးနက် စီမံကိန်းလုပ်ငန်း အမြန်ဆုံး အကောင်အထည်ဖေါ်ရေးအတွက် ဒုတိယသမ္မတ ဦးညဏ်ထွန်းနဲ့ ထိုင်းဒုတိယဝန်ကြီးချုပ် ကီတီရတ် နာ့ရနောင်းတို့ ဦးဆောင်တဲ့ ကော်မတီအပါအဝင် အဆင့်မြင့်ပူးတွဲ ကော်မတီ ၃ ခုနဲ့ ကော်မတီငယ် ၆ ခုဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်တယ်။

ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်း ကုမ္ပဏီ တခုတည်းနဲ့ လုပ်ကိုင်ရာမှာ ငွေရေးကြေးရေး အရရော ဆက်သွယ်ဆောင်ရွက်မှု အပိုင်းတွေမှာပါ အခက်အ ခဲရှိတာကြောင့် နှစ်နိုင်ငံအစိုးရတွေ ပါဝင်လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ အီတာလျံထိုင်းက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ထားဝယ်မြို့မှာ နှစ်ဘက်အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာကို ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွတ်စဖေါန်း စေရီရတ်ခ်ကတော့ 'ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တိုးတက်ဖြစ်ထွန်းမှု အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာတွေ ဆွေးနွေး ဖြစ်ပါတယ်။ အီတာလျံထိုင်းအပြင် အခြားလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံ နိုင်အောင် အစိုးရက ကူညီပံ့ပိုး နေတာဖြစ်တယ်။ လုပ်ငန်းရှင်တွေနဲ့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် နဲ့ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရ တာဝန်ရှိသူတွေ နဲ့ လုပ်ငန်းရှင်တွေပါ ထားဝယ်ဒေသကို ကွင်းဆင်း လေ့လာခဲ့တာ'လို့ ပြောသွားပါတယ်။

ထားဝယ်စီမံကိန်းမှာ ပထမအဆင့်အနေနဲ့ ရေနက်ဆိပ်ကမ်းအဆင့် ၁ နဲ့ ထိုင်းကို ဆက်သွယ်မယ့် ကားလမ်းကို ၂ဝ၁၅ ခုအပြီးတည်ဆောက်မှာဖြစ်တယ်။ စက်မှုဇုံကိုတော့ တဖြေးဖြေးချင်း တိုးချဲ့ လုပ်ဆောင်သွားမယ်။ ရင်းနှီးမြှုပ်နှံဖို့ ကတော့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့လည်း ပါဝင်ဖို့ရှိတယ်။ နှစ်ဘက်အစိုးရ ကော်မတီတွေ တစ်လအချိန်ပေး တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့ အီတာလျံထိုင်း ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

ထားဝယ်ကနေ ထိုင်းကို ကားလမ်းဖေါ်လုပ်ဖို့အတွက် အသိမ်းခံရတဲ့ ရာဘာခြံတွေကိုလည်း လျော်ကြေးတွေ ပေးနေပြီလို့ ထားဝယ်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့က ကိုလေးလွင်က ပြောပြပါတယ်။

ပြောင်းရမယ့် ရွာတွေအတွက်တော့ အိမ်တွေဆောက်ပေးနေတုန်းဖြစ်ပါတယ်။ ထားဝယ်စီမံကိန်းကတော့ အကောင်အထည်ဖေါ်နေပြီလို့ ပြောနိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။