BBC navigation

ကေအိုင်အေနဲ့ အစိုးရ တပ်တွေ တိုက်ပွဲ ပြင်းထန်

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 16:42 GMT
kachin

ကချင်ပြည်နယ် အတွင်းတိုက်ခိုက် နေကြဆဲ

ကေအိုင်အေ ဌာနချုပ် အနီးက လဂျားယန် နဲ့ နားလုံ တစ်ဝိုက်မှာ အစိုးရ စစ်တပ်နဲ့ ကေအိုင် အေ တပ်ဖွဲ့တို့ အကြား တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။

တိုက်ပွဲတွေ အတွင်းမှာ အစိုးရစစ်တပ် ဘက်က စစ်ရဟတ်ယာဉ်သုံးပြီး အင်အားဖြည့် တိုက်ခိုက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ့ဖုန်းယန် ဘက်ကလည်း အစိုးရ ဘက်က ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တနေ့ထဲ အချက်ပေါင်း ၁၀၀ ကျော်လောက် ပစ်ခတ်ခဲ့တယ်လို့ အဲဒီက ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

ကေအိုင်အေ ဘက်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ အစိုးရစစ်တပ်ဘက်က စစ်ပြေပြင်က အင်အားနဲ့ရော စစ်ရဟတ်ယာဉ် တွေက လက်နက်ကြီးတွေ ဒုံးကျည်တွေနဲ့ပါ ဒီကနေ့ မနက် ၆ နာရီ ကတည်းကစပြီး ကေအိုင်ကေစခန်း တွေကို ဦးတည် ပစ်ခတ် နေတယ်လို့ (ABSDF) ကျောင်းသား တပ်မတော်ရဲ့ တပ်ဖွဲ့၀င် တဦးက အခြေအနေကို ပြောပြပါတယ်။

အခု တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာမှာ ရွာတွေ ရှိပေမယ့် ရွာသားတွေက အရင် တိုက်ပွဲတွေတည်းက တခြား နေရာမှာ ထွက်ပြေး တိမ်းရှောင်ပြီး ဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေကို ထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် တိုက်ပွဲက ပြင်းထန်တဲ့ အတွက် နှစ်ဘက် စလုံးမှာ ထိခိုက် ဒဏ်ရာရရှိ တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

အခု ကေအိုင်အေကို တိုက်ခိုက်နေတဲ့ အစိုးရစစ်တပ်တွေဟာ ကချင်ပြည် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲကနေ တက်လာတာဖြစ်ပြီး တပ်အင်အားနဲ့ တပ်နာမည်တွေကိုတော့ မသိသေးဘူးလို့ အဲဒီကျောင်းသား တပ်မတော် တပ်ဖွဲ့၀င်က ပြောပါတယ်။

အစိုးရ စစ်တပ်အနေနဲ့ ကေအိုင်အေ ဌာနချူပ်နားမှာ အရင်က ပစ်ခတ် တိုက်ခိုက် ခဲ့တာရှိဖူး ပေမယ့် အခုလို စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ အဆင့်မရှိခဲ့ပဲ အခုတခါဟာ ပထမဆုံး အကြိမ်ပဲ ဖြစ်တယ်လို့ ခုနက ပြောပြခဲ့တဲ့ (ABSDF) တပ်ဖွဲ့၀င်ကပဲ ဆက်ပြောပြပါတယ်။

အခု ဖြစ်ပွားတဲ့ တိုက်ပွဲဟာလဲ အစိုးရ စစ်တပ် ဖက်က တပ်မဆုတ် သေးသရွေ့ တိုက်ပွဲက ပိုမိုပြင်း ထန်လာနိုင်ပြီး ရက်ရှည် သွားနိုင်မှာ ဖြစ်တယ်လို့ (ABSDF) တပ်ဖွဲ့ဝင်က ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အေတို့ဟာ ငြိမ်းချမ်းရေး အတွက် မကြာခဏ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မကြာခင်မှာလဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲလုပ်ဖို့ စီစဉ်နေ ကြပါတယ်။ ဒီလို တဖက်က ဆွေးနွေးဖို့ လုပ်နေချိန်မှာ အခုလို စစ်ရေးနဲ့ တိုက်ခိုက် နေသေးတာဟာ အစိုးရဘက်က ရိုးသားမှု မရှိတာကို ပြတယ်လို့ (ABSDF) က ပြောပါတယ်။

အစိုးရ စစ်တပ်ဟာ ဝေဟင်ကနေ ကေအိုင်အေကို တိုက်ခိုက်တာ ဒီလအတွင်းမှာ အခုတခါနဲ့ဆိုရင် ၄ ကြိမ်မြောက် ရှိပြီ လို့သိရပါတယ်။ အရင် ပစ်ခတ်မှုတွေ ကတော့ ကချင်ပြည် ပန်ဝါ ဒေသ မှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီပန်ဝါ ဒေသ တရုတ်- မြန်မာ နယ်ခြား မှတ်တိုင် ၇ အနီးမှာလည်း ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့ဝင် တွေနဲ့ အစိုးရ တပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။