BBC navigation

ကော်မရှင် အဆုံးအဖြတ်အတိုင်း ဦးပိုင် ဆက်လုပ်မယ်

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 11:26 GMT

နိုင်ဝင်ဘာ ၃၀ ရက်နေ့ကလည်း ဦးပိုင် ကုမ္ပဏီကို သံဃာတော်တွေ ကန့်ကွက် ဆန္ဒပြခဲ့ကြ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ တစိတ်တပိုင်း ပါဝင် လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က၊ သမ္မတ ဖွဲ့ပေး လိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က တရားဝင် ခွင့်ပြု ထားတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် လက်ပံတာင်း တောင် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

စီမံကိန်းကို ဆက်လက် ဆောင်ရွက် ဖို့ ကြိုးစားနေပြီး၊ ကော်မရှင် နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။ နောက်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှာ စစ်တပ်က ရှယ်ယာ အများစု ပါဝင်တာမို့ ဦးစားပေး ခံရတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။

ဒေသခံ ယာ သမားတွေကို ထိုက်သင့်တာ ထက်ကို လျော်ကြေး ပိုပေး ထားတာ ဖြစ်ပြီး၊ အခုလည်း လျော်ကြေး ထပ်တောင်းရင် ဖြစ်ဖြစ်၊ လူမှုရေးဆိုင်ရာ အကူအညီတွေ တောင်းဆိုရင် ဖြစ်ဖြစ် ကုမ္ပဏီ အနေနဲ့ အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။

လက်ပံတောင်းတောင် ကယ်ဆယ်ရေး ကော်မတီ နာယက ကဗျာဆရာ ဦးအံ့မောင် ကတော့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ စွမ်းအား မြင့် စက်တွေ အများကြီး တပ်ဆင် ထားတာကြောင့် ကော်မရှင်က စုံစမ်းမှုတွေ လုပ်နေတဲ့ အချိန်တို အတွင်းမှာပဲ လက်ပံတောင်း တောင် ၃၃ လုံး ဟာ ကုန်သွား နိုင်တယ်လို့ ပြောကြား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါဝင် အဖွဲ့ ဝင် ၃၀ ခန့် ပါဝင်တဲ့ လက်ပံတာင်းတောင် အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက် နေ့က သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဖွဲ့စည်းပေး လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။