BBC navigation

ICG က သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 16:50 GMT
u_thein_sein

ICG က ဆုချီးမြှင့်လိုက်တဲ့ သမ္မတ ဦးသိန်းစိန်

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG က မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ ဘရာဇီး သမ္မတ ဟောင်း လူးဝစ် အင်နာစီယို ဒါ ဆေးလ်ဗား တို့ကို In Pursuit of Peace Award ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

ဒီလို ချီးမြှင့်လိုက်တာနဲ့ ပတ်သက်လို့ ဘယ်လို အကြောင်း အချက်တွေ အပေါ်မှာ လေ့လာ အခြေခံလို့ ချီးမြှင့်ခဲ့တာ ပါလဲ ဆိုတာကို ICG အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ ဂျင် ဒဲလ်လာ ဂျက်ကမာ ကို ဆက်သွယ် မေးကြည့်တော့ အခု ဆုကို ချီးမြှင့်ဖို့ စီစဉ် နေတဲ့ အချိန်တုန်းက ကမ္ဘာ့ ဘယ်နေရာကို ကြည့်ကြည့် ကောင်းတဲ့ သတင်း မကြားရဘဲ ဆိုးတဲ့ ဘက်ကို ဦးတည် နေတဲ့ သတင်းတွေပဲ ကြားနေခဲ့ရတာ ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံဘက်ကို ကြည့်ရင်တော့ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ ပြည်သူလူထုရဲ့ လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးပမ်း နေတာကို တွေ့ရတဲ့ အကြောင်း ပြောပါတယ်။

ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စကတည်းက နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေကို သူလုပ်လာတာကို အသိအမှတ် ပြုဖို့ လိုကြောင်းနဲ့ ဒီဆုနဲ့ ထိုက်တန်တယ်လို့ ထင်တဲ့ အကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုဟာလည်း ဒေသတွင်း တည်ငြိမ် အေးချမ်းမှုတွေ အတွက်လည်း အရေးကြီးကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံမှာ နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲရေး တွေ အများကြီး လုပ်ရဦးမယ် ဆိုတာကို နားလည်တဲ့ အကြောင်း၊ ရခိုင် ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေကို အမြန်ဆုံး ဖြေရှင်းသွား ရမှာ ဖြစ်သလို ကချင်ပြည်နယ် ဘက်က တိုက်ပွဲတွေ ဖြစ်နေဆဲ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။ အပစ်ရပ်ဆဲဖို့ လက်မှတ်ထိုးထား တာတွေ ရှိပေမယ့် ကချင် လို အဖွဲ့တွေနဲ့တော့ မရသေးတဲ့ အကြောင်းလဲ ပြောပါတယ်။

အဲဒီတော့ ၂၀၁၁ ခုနှစ်ထဲက စခဲ့တဲ့ အပြောင်း အလဲတွေဟာ ဦးတည်ချက် မှန်ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဆိုရင် တခါမှ မကြုံဖူးတဲ့ သတင်းထောက်တွေ ဝင်ရောက်နိုင်တာ မျိုးတွေတောင် ရှိလာတဲ့အကြောင်းဆိုပါတယ်။ တိုင်းပြည် အတွင်းက အပြောင်းအလဲ တွေဟာ ဖြောင့်ဖြူးမှု မရှိသေးပေမယ့် ဒီလို ဦးတည်ချက် မှန်ကန်နေတာကို အသိအမှတ် ပြုရမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီလို ဆုချီးမြှင့် လိုက်တာကြောင့် မြန်မာ နိုင်ငံမှာ ပြုလုပ် နေတဲ့ အပြောင်းအလဲ တွေကို အားပေးတဲ့ အထောက် အကူ ဖြစ်နိုင်မယ်လို့ ယူဆတဲ့ အကြောင်း၊ ဒီလို အပြောင်းအလဲ လုပ်တာ ရှုပ်ထွေး နက်နဲ တယ်ဆိုတာကိုလည်း ထည့်စဉ်းစား ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ပြည်ပက အားပေး ထောက်ခံမှုတွေကြောင့် ကမ္ဘာ့ ခေါင်းဆောင် တွေအပေါ်မှာ ကောင်းတဲ့ အကျိုးသက်ရောက် မှုတွေ ရှိတယ်ဆိုတာလည်း သာဓက တွေ ရှိတဲ့ အကြောင်းဆိုပါတယ်။

ဆက်လက်ပြီး ပြောကြား ရာမှာတော့ မြန်မာ နိုင်ငံဟာ အရင်က အထီးကျန် ဘဝကနေ အခုလို ဖြစ်လာတာ ကိုလည်း မီးမောင် ထိုးပြချင်တာ တကြောင်း၊ နောက်ပြီး အကောင်းဘက်ကို ဦးတည်နေတာကိုလည်း ထောက်ပြချင်လို့ ဒီလို ဆုကို ပေးရတာ ဖြစ်ကြောင်း၊ မြန်မာ ခေါင်းဆောင် တွေဘက် ကလည်း အပြောင်းအလဲ တွေကို ဆက်ပြီး ဆောင်ရွက် မယ်လို့ မျှော်လင့်ကြောင်း တွေကို ပြောကြား သွားပါတယ်။

ဆုချီးမြှင့် ပွဲကိုတော့ လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလမှာ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တော်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကို ဆုကို လက်ခံ ရယူ ဖို့အတွက် ဖိတ်ကြား ထားပြီး ဖြစ်တယ် လို့လည်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။