BBC navigation

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 16:05 GMT

အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသားတွေကိုလည်း ထိထိရောက်ရောက် ပညာပေး ပြောဆိုဖို့ လိုအပ်နေ

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့ ကို ကမ္ဘာ တဝှမ်းမှာ ဆင်နွဲ ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း လမ်းလျှောက် ချီတက် ပွဲတွေ၊ ပညာပေး ဆွေးနွေးပွဲတွေ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့ကနေ ကန်တော်ကြီး ပန်းခြံအထိ လမ်းလျှောက် ချီတက်တဲ့ အဲဒီပွဲမှာ လူနှစ်ရာလောက် ပါဝင် လမ်းလျှောက်ခဲ့ကြ ပါတယ်။

အိမ်တွင်း ငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့ ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသားများ ပါဝင်စို့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဒီလမ်းလျှောက်ချီတက်ပွဲမှာ အမျိုးသားတွေလည်း ပါဝင် လမ်းလျှောက် ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ နေရာ အနှံ့အပြား ဖြစ်နေကြောင်း၊ အိမ်ထောင်ရေးအတွင်း၊ လူမှု အသိုင်းအဝိုင်းအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာမျိုး စော်ကားတာမျိုးတွေ ရှိနေပြီး အဆိုးဆုံးကတော့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ စော်ကားမှုမျိုးတွေ ရှိနေတာကြောင့် ဘဝ မလုံခြုံမှုမျိုးတွေ တွေ့ရတယ်လို့ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက် ခံရမှုရဲ့ အကြောင်းရင်းခံကို ဆန်းစစ်ကြည့်မယ် ဆိုရင် လင်ယောက်ျားတွေအပေါ် အသားပေးတဲ့ အရိုးစွဲနေတဲ့ ယဉ်ကျေးမှု အဆိုအမိန့်တွေကြောင့် တကြောင်း၊ အိမ်ထောင်ရေး ပြဿနာတွေကို သူတပါးကို ဖွင့်ဟ ထုတ်ဖေါ်ပြောလေ့ မရှိတာတွေကြောင့် တကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်တွေကို ပြင်ဆင်နိုင်ဖို့ ပညာပေးမှုတွေ လိုအပ်နေကြောင်း၊ ဒါပေမယ့် အမျိုးသမီးတွေကိုပဲ ပညာပေး ပြောဆိုတာမျိုးမလုပ်ပဲ အကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသားတွေကိုလည်း ထိထိရောက်ရောက် ပညာပေးတာမျိုးတွေ လုပ်ဖို့ အများကြီး လိုနေသေးတယ်လို့ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။