BBC navigation

အငြိမ်းစား ပုဂ္ဂိုလ်ကြီးတွေရဲ့ အိမ်အကူစရိတ် တိုင်းပြည်က ပေးဆောင်ရ

နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2012 - 16:53 GMT

ရာထူးကနေ အနားယူသွားပေမယ့် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနဲ့ ပင်စင်စား ပုဂ္ဂိုလ်ကြီးတွေ အကျိုးခံစားခွင့်တွေ ဆက်ရနေဆဲ

နိုင်ငံတာဝန် ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေနဲ့ လက်ရှိ ပြည်ထောင်စု အဆင့် တာဝန် ထမ်းဆောင်နေကြသူတွေရဲ့ နေအိမ်ခ၊ နေအိမ် အလုပ်သမားခ၊ တယ်လီ ဖုန်းခတို့ ပေးဖို့ ကုန်ကျငွေ ကျပ်သန်းပေါင်း ၅၀၀ကျော်အတွက် မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက သာမန် အသုံးစရိတ် ဖြည့်စွက် ခွင့်ပြုဖို့ တောင်းခံတာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးတို့ အပါအဝင် အငြိမ်းစား အရာရှိ ၆၉ယောက်နဲ့ လက်ရှိ ပြည်ထောင်စုအဆင့် အရာရှိ ၁၀၄ယောက်၊ နေပြည်တော် ကောင်စီဝင် ၁၀ယောက်တို့အတွက် အသုံးစရိတ်တွေ ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန ရဲ့ ၂၀၁၂ခုနှစ် မေလ ၁၀ရက်နေ့ ရက်စွဲပါ စာအမှတ် ဘခ ၁ / ၃၁၀( ၁၇၂၂ / ၂၀၁၂ ) အရ နိုင်ငံတော် တာဝန် ထမ်းဆောင်လျက် ရှိတဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများရဲ့ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ် လုပ်သားများအတွက် အပို ထောက်ပံ့ကြေးအဖြစ် တဦးလျင် တလ ကျပ် ၃သောင်း ခံစားခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ ပါတီသစ်ရဲ့ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ထောက်ပြ ပြောဆိုတာမျိုး မရှိပဲ အတည်ပြုလိုက်တာဟာ လွှတ်တော်အမတ်တွေရဲ့ လစ်ဟာမှုလို့ ဝန်ခံ ပြောသွားပါတယ်။

နိုင်ငံအကြီးအကဲ ပုဂ္ဂိုလ်ကြီးတွေအတွက် လုံခြုံရေး ကိစ္စမျိုးတွေမှာ အသုံးစရိတ် ချပေးတာမျိုး လုပ်ကောင်း လုပ်သင့်ပေမယ့် ပင်စင်စား ပုဂ္ဂိုလ်ကြီးမျိုးတွေအတွက် အိမ်အကူဝန်ထမ်း စရိတ် ပေးတာမျိုးနဲ့ ပတ်သက်လို့တော့ ဘယ်အဆင့်ကို ဘယ်လောက်အထိ ပေးသင့်သလဲ ဆိုတာကို လွှတ်တော်မှာ ဆွေးနွေးသင့်ကြောင်းနဲ့ ၂၀၁၅ ခုနှစ် အစိုးရ ပြောင်းသွားရင် နောက်ထပ် ပင်စင်စားတွေ ပေါ်လာအုံးမှာမို့ တိုင်းပြည်အတွက် ကြည့်သင့်ကြောင်း အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။