BBC navigation

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပြီးဆုံး

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 15:26 GMT
ASEAN Summit

သမ္မတ အိုဘားမားနဲ့ တရုတ် သမ္မတတို့ တွေဆုံစဉ်

ကမ္ဘောဒီးယား နိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးပွဲမှာ တရုတ်နိုင်ငံနဲ့ အာဆီယံ ဒေသတွင်းက ဖိလစ်ပိုင် မလေးရှား ဗီယက်နမ်တို့ ကြား ဖြစ်နေတဲ့ ပင်လယ် နယ်နိမိတ် ပြဿနာကို ဘယ်လို ဖြေရှင်းကြမယ် ဆိုတာ သဘောတူညီချက် တစုံတရာ မရဘဲ အစည်း အဝေး ပြီးဆုံး သွားခဲ့ ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင် ခေါင်းဆောင်တွေက တောင်တရုတ် ပင်လယ်က ကျွန်းစုနဲ့ ပတ်သက်လို့ သူပိုင် ကိုယ်ပိုင် အကြီး အကျယ် အငြင်းပွားခဲ့ကြပါတယ်။

ဒီလို နယ်နိမိတ် အငြင်းပွားမှုတွေ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရဖို့ ကြိုးစားတဲ့ ထိပ်သီး အစည်းဝေးကြီးကို အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကလည်း မြန်မာ နိုင်ငံကနေ အပြန် တက်ရောက်ခဲ့ ပါတယ်။

ဒေသခေါင်းဆောင်တွေ အနေနဲ့ တောင်တရုတ် ပင်လယ်က အငြင်းပွားမှုကို တင်းမာမှု မဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့ သမ္မတ အိုဘားမားက တိုက်တွန်း သွားပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင်နဲ့ အမေရိကန် သမ္မတတို့ ဖနွမ်းပင်မှာ တွေ့ခဲ့ကြ တုန်းကတော့ ပင်လယ်ပြင် အငြင်းပွားမှုကို လူသိရှင်ကြား မပြောခဲ့ကြ ပါဘူး။

ပူပေါင်း ဆောင်ရွက်ပြီး အပြုသဘော ချဉ်းကပ်မှု တွေက နှစ် နိုင်ငံ အတွက်အကျိုး ရှိပြီး နိုင်ငံတကာ ကုန်သွယ်ရေးမှာ တော့ တိကျတဲ့ စည်းမျဉ်းတွေ လိုအပ် လိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

တရုတ် ဝန်ကြီးချုပ် ကတော့ စီးပွားရေး ပိုမို ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် နှစ်နိုင်ငံကြား အခက် အခဲတွေ သဘော မတူ တာတွေကို အဖြေ ရှာနိုင်မယ်လို့ ပြောပါတယ်။

အခု ထိပ်သီး အစည်းဝေးမှာ အာဆီယံ အပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေလျနဲ့ နယူး ဇီလန် နိုင်ငံတို့ ကလည်း တက်ရောက် ကြပြီး အာစီအီးပီ လို့ ခေါ်တဲ့ ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်တဲ့ ကိစ္စတွေ ပြောကြတာ ဖြစ်ပါတယ်။

Thai Prime Minister and US President

သမ္မတ အိုဘားမားက ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ထိုင်း နိုင်ငံကို သွားရောက်ခဲ့

အမေရိကန် ကတော့ ပစ္စဖိတ် ဒေသ တလွှား ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့မှာ ခေါင်းဆောင် ဆွေးနွေးခဲ့ ပါတယ်။

မြန်မာနဲ့ ထိုင်း သဘောတူ လက်မှတ်ရေးထိုး

ကမ္ဘော ဒီးယား နိုင်ငံမှာ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ထားဝယ် ရေနက် စီမံကိန်း အတွက် သဘောတူညီ ချက်ကို ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ ကုန်ကျ မယ်လို့ ခန့်မှန်း ထားတဲ့ ပထမဆုံး ဦးစားပေး လုပ်ငန်း အတွက် ငွေကြေးနဲ့ တခြား စီမံခန့်ခွဲမှုပိုင်းမှာ အီတာလျံ ထိုင်းကုမ္ပဏီ တခုတည်းက လုပ်နိုင်စွမ်း မရှိတာကြောင့် အစိုးရတွေ ပါဝင် လာရတာ ဖြစ်တယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနက ညွှန်ကြား ရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။

ထားဝယ် ရေနက် ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချ လုပ်ငန်းတွေ လုပ်ဆောင် နိုင်အောင် အမြန်ဆုံး ဆောင်ရွက်ဖို့နဲ့ မြန်မာနဲ့ ထိုင်း နိုင်ငံတို့ကြား လမ်းပန်း ဆက်သွယ်ရေး တွေကို ပြီးအောင်လုပ်ဖို့ စတဲ့ လုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်မှာ အပြီးသတ် တည်ဆောက် သွားမယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေဟာ လာမယ့် လလယ် မှာ ထားဝယ်ကို သွားရောက် လေ့လာဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။