BBC navigation

အိုဘာမားရောက်တုံး နိုင်ငံရေးအကျဉ်းသား တွေ လွှတ်

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 18:12 GMT

နိုင်ငံရေးအကျဉ်းသားတချို့ လွတ်လာပေမယ့် ကျန်နေသူတွေ ရှိနေဆဲ

အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား ၅၀ လောက် အပါအဝင် အကျဉ်းသား ၆၆ ယောက်ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထပ်မံ လွှတ်ပေးလိုက် ပါတယ်။

စစ်တပ်က ကျောထောက် နောက်ခံ ပေးထားတဲ့ အစိုးရက ပြီးခဲ့တဲ့ နှစ်က စတင် ပြီးပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး တဲ့နောက် မြန်မာ နိုင်ငံ တဝန်း အကျဉ်းထောင်တွေ ထဲက အကျဉ်းသား တွေကို လွတ်ငြိမ်း ချမ်းသာခွင့် တွေပေး ခဲ့ပြီး အခုလို ထပ်မံ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အခု လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ လူ့အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင်ကိုမြင့်အေး၊ ကိုလင်္ကျာထွန်း၊အဲန်အယ်ဒီလူငယ်အဖွဲ့က ကိုရဲဇော်ထွဋ် စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ပါတယ်။

သမ္မတ အိုဘားမား လာရောက်တဲ့နေ့မှာမှပဲ လွတ်ပေးတာကြောင့် ဒါဟာ ရည်ရွယ်ချက်တခုခုနဲ့ အစီအစဉ်ရှိရှိနဲ့ လွတ်ပေးတဲ့သဘောလို့ ထင်မြင်ယူဆကြောင်း ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဦးမြင့်အေးက ပြောပါတယ်။

သူ့ကို နိုင်ငံတော်ပုန်ကန်မှု၊ ဗုံးဖေါက်ခွဲမှု စတာတွေနဲ့ ထောင်ဒဏ်တသက်နဲ့ ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံနေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများစောင့်ကြည့်ရေးကွန်ယက် (အေအေပီပီ) ရဲဲ့ စစ်တမ်းအရတော့ ဒီနေ့လွတ်ပေးလိုက်တဲ့ အကျဉ်းသား ၆၆ ယောက်ထဲမှာ အားလုံးက နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

သူတို့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ကျန်နေသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက် နေ့က အကျဉ်းသား ၄၅၂ ယောက်ကို ပြန်လွှတ် ပေးခဲ့တဲ့နောက် အခုလို နိုင်ငံရေးအကျဉ်းသား အများစုပါဝင်တဲ့ အကျဉ်းတသုတ် ထပ်မံဘွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။