BBC navigation

စစ်တပ်ဟာ အရပ်သား အစိုးရရဲ့ လက်အောက်မှာ ရှိရမယ်

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 17:31 GMT
US President in Burma

ဘွဲ့နှင်း သဘင် ခန်းမကို ရောက်လာတဲ့ သမ္မတ အိုဘားမား

မြန်မာ နိုင်ငံကို တစ်ရက်တာ အလုပ်သဘော ခရီးစဉ် အဖြစ် လာရောက်ခဲ့တဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမမှာ မြန်မာ ပြည်သူတွေကို တွေ့ဆုံ မိန့်ခွန်း ပြောခဲ့ပါတယ်။

နေရာ ရွေးချယ်မှုက စိတ်ကူး ကောင်းတယ်လို့ ယူဆကြောင်း သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို သွားရောက် နားထောင်ခဲ့သူ ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က ပြောပါတယ်။

နာရီ ဝက်လောက် ကြာအောင် ပြောသွားတဲ့ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ ဆရာဦးဖေမြင့် အနေနဲ့ စိတ်အဝင်စား ဆုံးက ကမ္ဘာမှာ အင်အား အကြီးဆုံး ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စစ်တပ်ကို ပြည်သူလူထုက ရွေးကောက် တင်မြှောက် ထားတဲ့ အရပ်သား သမ္မတ ဖြစ်တဲ့ သူ့ အနေနဲ့ ကွပ်ကဲ နိုင်တယ် ဆိုတဲ့ အချက်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရ အဖွဲ့ ရုံးတွေထက် ပြည်သူ့ ရုံးတော်က ပိုမို တန်ဖိုး ရှိတယ်လို့ ပြောသွားတဲ့ အချက်ကိုလည်း သူ့ အနေနဲ့ အမှတ် အရဆုံး ဖြစ်မိတယ်လို့ ဦးဖေမြင့် က ပြောပါတယ်။

ဒါဟာ စစ်ခေါင်းဆောင်တွေ မြန်မာ့ နိုင်ငံရေးမှာ ကြီးစိုး နေမှုကို ရည်ညွှန်း ပြောဆိုခဲ့ တာ ဖြစ်တာကြာင့် မြန်မာ အစိုးရပိုင်းက ဘယ်လောက်ထိ လက်ခံနိုင်မယ် ဆိုတာလည်း မေးစရာ ဖြစ်လာ ပါတယ်။

မြန်မာ ပြည်သူတွေ အနေနဲ့ ကလည်း စစ်တပ်ကို ကြီးမားတဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်း တောင်းဆိုမှုတွေ ရှိပြီးသား ဖြစ်တဲ့ အပြင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင် လာတာနဲ့ အမျှ တပ်မတော်ရဲ့ ပါဝင်မှုကို လျှော့သွား မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း ပြောဆိုထားတာ ရှိတယ်လို့ ဆရာ ဦးဖေမြင့်က ပြောပါတယ်။

ဒါကြောင့် သမ္မတ အိုဘားမား အခုလို ပြောဆိုခဲ့တာဟာ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒသက်သက်သာ မဟုတ်ဘဲ ကမ္ဘာ့ အမြင်လည်း ဖြစ်တယ် ဆိုတာ ပေါ်လွင် သွားစေတဲ့ အတွက် ကောင်းတယ်လို့ သူက ဆက်ပြော ပါတယ်။

သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ နာရီပိုင်းမျှသာ ဖြစ်ပြီး တိုတောင်းလှပေမဲ့ မြန်မာ အစိုးရက ပြုလုပ်နေတဲ့ အပြောင်း အလဲကို ကိုယ်တိုင် လာရောက် အသိ အမှတ်ပြုရာ ရောက်တဲ့ အတွက် အစိုးရ အတွက် ကောင်းသလို မြန်မာ ပြည်သူတွေ အတွက် ဆိုရင်လည်း ကမ္ဘာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ ပြောလို့ ရနိုင်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ လာရောက် ခြင်းဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် အားပေးရာ ရောက်တယ်၊ တန်ဖိုး ရှိတယ်လို့ ဆရာ ဦးဖေမြင့်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။