BBC navigation

လုပ်ငန်းရှင်တွေ မြန်မာပြည်မှာ မြုပ်နှံဖို့ စိတ်၀င်စား

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 01:12 GMT

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင်းပင်

သမ္မတ အိုဘားမားက သူ့မိန့်ခွန်းထဲမှာမြန်မာနိုင်ငံမှာ စီးပွားရေး ပြန်နလန်ထူလာဖို့ ကူညီသွားမယ်လို့ ပြောသွားသလို အမေရိကန် လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ စိုင်းပြင်းနေတဲ့ အတွက် အမေရိကန်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို နေတာဟာ မဟာဗျူဟာရှုထောင့်အရ ရင်းနှီးမြှုပ်နှံလိုတဲ့ သဘောလား၊ ဒါမှမဟုတ် စီးပွားရေး အရ သက်သက် ရင်းနှီး မြှုပ်နှံလိုတဲ့ သဘောပါလား ဆိုတာကို သြစတြေးလျနိုင်ငံ Macquarie University စီးပွားရေးဌာနက မြန်မာ့စီးပွားရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ Sean Turnell ကို ဆက်သွယ် မေးကြည့်တော့ သူက နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ အရင်ကတည်းက စိတ်ဝင်စားနေကြတာပါ ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့စတဲ့ သယံဇာတ လုပ်ငန်းတွေအတွက်တင်မက တခြား စီးပွားရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိကြပြီး အာရှဒေသအပေါ် အဓိက အာရုံထားတဲ့ အမေရိကန်ရဲ့ ပေါ်လစီထဲမှာ မြန်မာနိုင်ငံကို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အောက်ကနေ လွှဲဖယ်ချင်တာက တစိတ်တဒေသ ပါတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြောင်း ၊ ဒီတော့ မြန်မာနိုင်ငံမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုတာ အကြောင်းရင်းခံ နှစ်ခု ရှိတယ်လို့ ပြောလို့ ရပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာရေးကို အမေရိကန်တို့ဘက်က အတော်လေး လိုလားနေတာ ကတော့ မုချ သေချာကြောင်း ဒီတော့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ စျေးကွက် ချဲ့ထွင် ချင်နေသလို တဖက်မှာလည်း မဟာ ဗျူဟာ ရှုထောင့်အရ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှု ရှိနေတယ်လို့ ပြောလို့ ရကြောင်း မစ္စတာ ရှောင်တာနာက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ တရုတ် ကုမ္ပဏီ တချို့အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ ပတ်သက်လို့ လိုက်နာမှုမျိုး မရှိတာ တွေ့နေရတာတွေ မဖြစ်အောင် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမယ့် အနောက်အုပ်စုကုမ္ပဏီတွေ အနေနဲ့ ဘယ်လို စည်းမျဉ်း ကျင့်ဝတ်မျိုးတွေကို လိုက်နာ သင့်ပါသလဲလို့ သူ့ကို မေးကြည့်တော့ ဒါဟာ သိပ်ကို အရေးကြီးတဲ့ ကိစ္စရပ်ဘဲလို့ သူက ဖြေပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာတင်မက ဘယ်နိုင်ငံမှာမဆို သယံဇာတ တူးဖေါ် ထုတ်လုပ်ရေး လုပ်ငန်း အပိုင်းကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ် ဆိုရင် ပွင့်လင်း မြင်သာမှု ရှိဖို့ အရေးကြီးပါတယ်။

အရင် စစ်အစိုးရလက်ထက်တုန်းက သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းတွေကို စစ်တပ်က လက်ဝါးကြီးအုပ် ချယ်လှယ် ကြီးစိုးထားတဲ့ အတွက် စီးပွားရေး အပိုင်းမှာ အတော်လေးကို ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။

ဒီတော့ အခု ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ့် ကုမ္ပဏီတွေအနေနဲ့ ငွေပေးချေမှု ကိစ္စတွေမှာ ပွင့်လင်း မြင်သာမှု ရှိဖို့ လိုသလို ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာနဲ့ လုပ်သား ခိုင်းစေမှုတွေမှာလည်း စည်းမျဉ်း ကျင့်ဝတ်တွေအတိုင်းလိုက်နာ ဆောင်ရွက်ကြဖို့ လိုကြောင်း သူက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာက အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတွေက စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင်ထားတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကနေ ရလာတဲ့ အသီးအပွင့် အကျိုးကျေးဇူးတွေက ပြည်သူတွေ လက်ထဲ ရောက်ဖို့ကိုရော အာမခံနိုင်မှာပါလား ဆိုတဲ့ မေးခွန်းကိုတော့ သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြပြီး မြန်မာအစိုးရအနေနဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု ရှိတယ် ဆိုတာကို ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၆လလောက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့ ရေနံနဲ့ စွမ်းအင် လုပ်ငန်းနဲ့ ပတ်သက်လို့ ပြောသွားတဲ့အထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောသွားတဲ့ အတွက် မြန်မာ အစိုးရအနေနဲ့ ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆုံးဖြတ်ချက် ပေါ်လစီတွေ ချမှတ်ဖို့ လိုသလို ဒီလို အရေးပါတဲ့ ဆောင်ရွက်ချက်မျိုးတွေ လုပ်နိုင်ဖို့ အတော်လေး အချိန်ယူပြီး လုပ်ရမယ့် အခြေအနေ ရှိနေကြောင်း သူက ရှင်းပြပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ရေရှည် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ် ဆိုရင် အမေရိကန် လုပ်ငန်းရှင်တွေဘက်က ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊ ဘယ်လို အခက်အခဲမျိုးတွေနဲ့ရောကြုံတွေ့နိုင်စရာ ရှိပါသလဲလို့ ပါမေက္ခ ရှောင်တာနာကို မေးကြည့်တော့ သူက အမေရိကန် ကုမ္ပဏီတွေ တင်မကပါဘူး၊ မြန်မာနိုင်ငံမှာ လာရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ အခက်အခဲ ပြဿနာ အတော်များများ ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။

ပထမ တချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လုံးဝ တည်ငြိမ်မှု ရှိတယ်လို့ မပြောနိုင်သေးပါဘူး ၊ နောက်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ သယ်ယူ ပို့ဆောင်ရေး စနစ်၊ စတာတွေမှာ ချို့ယွင်းမှုတွေ ရှိနေသလို လျှပ်စစ်မီး လုံလုံလောက်လောက်မရတဲ့ ပြဿနာလည်း ရှိနေပြီး ၊ တခါ ဘဏ်လုပ်ငန်း စနစ်မှာလည်း လိုအပ်မှုတွေ ရှိနေသေးတဲ့အတွက် နိုင်ငံခြား လုပ်ငန်းရှင်တွေအနေနဲ့ ငွေအပြောင်းအလွှဲ ကိစ္စတွေမှာ အခက်ကြုံနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပညာရေးစနစ် ချို့ယွင်းမှုကြောင့် အမေရိကန်နဲ့ နိုင်ငံခြား ကုမ္ပဏီတွေ လိုအပ်နေတဲ့ အရည်အချင်းပြည့်မှီ လုပ်သား နည်းပါး ချို့တဲ့မှုကိုလည်း ရင်ဆိုင်ရနိုင်သလို တဘက်ကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း ရှိလာခဲ့မယ် ဆိုရင် အကျိုးအမြတ်တွေ ဖြစ်ထွန်းနိုင်မယ်လို့ နိုင်ငံခြားကုမ္ပဏီတွေက တထစ်ချ ယုံကြည်ထားကြတဲ့ အတွက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ ကတော့ လိုအပ်နေတယ်လို့ ကျနော့်အနေနဲ့ ယူဆကြောင်း ပါမေက္ခ ရှောင်တာနာက ရှင်းပြ သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။