BBC navigation

သမ္မတအိုဘားမား လာမယ့်နေ့ အကျဉ်းသား ထပ်လွှတ်

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 00:12 GMT

သမ္မတ အိုဘားမား ခရီးစဉ်အတွက် ရန်ကုန်မြို့မှာ အကြီး အကျယ် ပြင်ဆင်ထား ပါတယ်

ပထမဆုံးအကြိမ် အဖြစ် အမေရိကန် သမ္မတတယောက် မြန်မာနိုင်ငံကို ဒီနေ့ ရောက်လာမယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး နောက်ထပ် အကျဉ်းသား(၆၆) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မြန်မာ သမ္မတ ရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နိုဝင်ဘာလ ၁၆ ရက်မှာ ထပ်မံ လွှတ်ပေးလိုက်တာ ဖြစ်ပြီး၊ လွတ်ငြိမ်းချမ်းသားခွင့် ပေးလိုက်သူ စုစုပေါင်း ၅၁၈ ရှိတယ်လို့ ဖေါ်ပြထားကာ၊ ပြန်လွတ်လာ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား တချို့ပါတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

သမ္မတ ဘရက်အိုဘားမား မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဆုံမှာ ဖြစ်သလို ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံမယ်လို့ မြန်မာ သမ္မတရုံးက အတည်ပြု ပြောဆိုပါတယ်။

အဲဒီ့နောက် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ အရပ်ဘက် လူထု အဖွဲ့အစည်း တွေနဲ့တွေ့ဆုံဖို့ ရှိသလို ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ဖိတ်ကြား ထားပြီး မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ကလည်း မနေ့က ကြေငြာချက် တရပ် ထုတ်ပြန်ခဲ့ရာမှာ အိုင်စီအာစီ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အကျဉ်းသားတွေရဲ့ အခြေ အနေ တွေကို အဘက်ဘက်က တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ရှိသလို ပြစ်မှု ပြစ်ဒဏ်တွေကို ပြန်လည် သုံးသပ်မယ်လို့လည်း ဆိုပါတယ်။

ရခိုင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ နိုင်ငံ တကာ လူသားချင်း စာနာ ထောက်ထားမှု အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားပြီး အကူအညီတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် အကျင့်ပျက် ခြစားမှုတွေတိုက်ဖျက် သွားမယ် လို့လည်း ဆိုပါတယ်။

ဒီကြေညာချက်မှာ သမ္မတ အိုဘားမားရဲ့ အမည်ကို လုံးဝ ဖော်ပြခြင်း မရှိပေမဲ့ သမ္မတ အိုဘားမား မလာခင် တရက် အကြို တနင်္ဂနွေနေ့ ရုံးပိတ်ရက်မှာ ကြေညာချက် ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။