BBC navigation

ဒေါ်စု အိန္ဒိယ လွှတ်တော်ကို သွားရောက်

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 18:06 GMT

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီမှာ ရှိတဲ့ မြန်မာ သံရုံးကိုလည်း သွားရောက်ခဲ့

အိန္ဒိယ နိုင်ငံကို ၅ ရက်ကြာ အလည် အပတ် ရောက်ရှိ နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အိန္ဒိယ လွှတ်တော်ကို သွားရောက်လေ့လာခဲ့ သလို ဒုသမ္မတနဲ့ လည်းတွေ့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီမှာ ရှိတဲ့ မြန်မာ သံရုံးကို ပထမဆုံး အကြိမ် အနေနဲ့သွားပြီး သံရုံး မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြည်ပ ခရီး ထွက်တာ ၄ ကြိမ် ရှိခဲ့ပေမယ့် တခြား နိုင်ငံတွေမှာ မြန်မာ သံရုံးတွေကို သွားပြီး လည်ပတ်တာ မတွေ့ရပါဘူး။

မြန်မာသံရုံးမှာ သံရုံး ယာယီ တာဝန်ခံ ဦးဘလှအေးနဲ့ သံရုံး ဝန်ထမ်းတွေက နွေးနွေး ထွေးထွေး ကြိုဆို ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း သူငယ်ငယ်က နေထိုင်ခဲ့တဲ့ ဒီသံရုံး နေရာတွေ အကြောင်း ရင်းရင်းနှီးနှီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာသံရုံးက အပြန်မှာ အိန္ဒိယ ဒုတိယ သမ္မတ မိုဟာမက်ဟာ မစ်အန်စာရီနဲ့ ဒုသမ္မတရဲ့နေအိမ်မှာ နာရီဝက်ခန့် တွေ့ဆုံခဲ့ ပါသေးတယ်။

အဲဒီနောက် အိန္ဒိယရဲ့ loksabha လို့ခေါ်တဲ့ အောက်လွှတ်တော် မြန်မာ အခေါ် ပြည်သူ့လွှတ်တော်ကို သွားရောက် လေ့လာတဲ့ အခါမှာ အောက်လွှတ်တော် ဥက္ကဌ မစ္စစ် မီရာကုမားနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူတို့ ၂ ယောက် တွေ့ဆုံရာ မှာတော့ အိန္ဒိယ မြန်မာ ဆက်ဆံရေးနဲ့ ၂ နိုင်ငံ ချုပ်ဆို ထားတဲ့ စာချုပ်တွေ အကြောင်း ပြောပြီး နှစ်ဘက် အမြင်တွေ ဖလှယ်ကြ တယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ စွမ်းအင်နှင့် အရင်းအမြစ် သိပ္ပံ (TERI) သို့ သွားရောက်ခဲ့ပြီး ည ၇ နာရီမှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆဲလ်မန်း ခူရ်ရှိဒ် Salman Khurshid နဲ့တွေ့ဆုံခဲ့ ပါတယ်။

မနက်ဖြန် နိုဝင်ဘာ ၁၆ ရက်နေ့ မှာတော့ သူ ကျောင်းတက်ခဲ့တဲ့ လေဒီရှရီရမ် ကောလိပ်ကို သွားမှာ ဖြစ်ပြီး မြန်မာ အသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။