BBC navigation

ကျားဖြူနဲ့ ဖလုံစဝေါ် ဒီမိုမဟာမိတ် ကထွက်

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 01:53 GMT
sndp

ကျားဖြူက PR စနစ် မလိုလား (ဓာတ်ပုံ-ကျားဖြူ သတင်းလွှာ)

တိုင်းရင်းသား ပါတီ ၅ ခုနဲ့ ပြည်မ ပါတီ ၅ ခု ပေါင်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီမှာ သဘော ကွဲလွဲလို့ တိုင်းရင်းသားပါတီ တချို့ ဆက်လက် ပူးပေါင်းဖို့ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။

ပူးပေါင်းဖို့ ရပ်စဲလိုက်တဲ့ ပါတီတွေကတော့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နဲ့ ဖလုံ- စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP) တို့ပဲ ဖြစ်ပါတယ်။

အခုလို ရပ်စဲလိုက်တာက မကြာခင်က ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီက နောက်ရွေးကောက်ပွဲမှာ မဲပေးသူ ဦးရေ အလိုက် အချိုးကျ အမတ် သတ်မှတ်တဲ့ PR ရွေးကောက်ပွဲ စနစ် ကျင့်သုံးဖို့ သမ္မတဆီ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြမှုမှာ ကျားဖြူ နဲ့ ဖလုံ စဝေါ်တို့ သဘောတူညီမှု မယူဘဲ လုပ်သွားလို့လို့ ကျားဖြူ ဗဟို အလုပ်အမှုဆောင် စိုင်းဘိုးအောင် က ဘီဘီစီကို ပြောပါတယ်။

မိတ်ဆွေ ၁ဝ ပါတီ အဖွဲ့ဝင် NDF ပါတီက ဦးခင်မောင်ဆွေ ကတော့ အားလုံးဆန္ဒ မပါဘဲ လုပ်သွားတာ ဘာမှ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

သမ္မတဆီ စာတမ်း တင်တဲ့ကိစ္စ သူတို့ မပါဘူးလို့ ဖလုံ-စဝေါ် ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောဆိုပါတယ်။

နောက်နောင်မှာ ၁၀ ပါတီက လုပ်မယ့် စည်းဝေးပွဲတွေ အခမ်းအနား တွေမှာ ကျားဖြူပါတီနဲ့ ဖလုံ-စဝေါ်ပါတီတို့ လုံးဝ မတက်တော့ဘဲ မိတ်ဆွေ ၁ဝ ပါတီက သဘောထား ထုတ်ပြန်ရင်လဲ သူတို့ ပါတီနာမည်တွေ ထည့်သွင်းရေးသားခွင့် မပြုတော့ဘူးလို့ နှစ်ပါတီ လုံးက ပြောဆို ပါတယ်။

ကျားဖြူပါတီ နဲ့ ဖလုံ-စဝေါ်ပါတီဟာ တခြား တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီ၊ ကယန်း အမျိုးသား ပါတီတို့နဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာပဲ ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation) အဖြစ် ပြန်ဖွဲ့လိုက်ပြီး အားလုံးက PR ရွေးကောက်ပွဲ စနစ် လက်မခံကြောင်းနဲ့ ပြည်နယ် အမည်တွေကို ဒေသ အခြေခံ နာမည်ပြောင်းမယ့် အယူအဆ ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။