BBC navigation

အိန္ဒိယကောလိပ်က ဒေါ်စုကို စောင့်ကြို

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 01:03 GMT
DASSK India

အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် အင်္ဂါနေ့က စတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူအိန္ဒိယမှာ နေခဲ့စဉ် ၁၉၆၂-၆၃ ကာလက နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သင်ယူခဲ့တဲ့ နယူးဒေလီမြို့က အမျိုးသမီးသီးသန့် ပညာသင်တဲ့ လေဒီရှရီရမ် ကောလိပ်ကို နို၀င်ဘာ ၁၆ ရက် မနက်ခင်းမှာ သွားရောက်မှာဖြစ်ပါတယ်။

လေဒီရှရီရမ် ကောလိပ်ဟာ နယူးဒေလီမြို့ရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒေလီတက္ကသိုလ်ရဲ့ ဌာနခွဲ တခုဖြစ်ပြီး အမျိုးသမီးတွေ အတွက် သီးသန့် ဖွင့်လှစ်ထားပြီး ဘွဲကြိုနဲ့ ဘွဲ့လွန်ပညာတွေကို သင်ယူနိုင်တဲ့ ကောလိပ်တခုဖြစ်ပါတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းအတူ တက်ခဲ့တဲ့ သူငယ်ချင်း ဟောင်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို မျိုးဆက်သစ် ကျောင်းသူလေး တွေနဲ့လည်း အပြန်လှန် ဆွေးနွေး ပြောဆိုတာတွေ လုပ်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လေဒီရှရီရမ်ကျောင်းကို အလည်လာမယ်ဆိုလို့ ကျောင်းကတာ၀န်ရှိသူတွေ သူငယ်ချင်းဟောင်းတွေနဲ့ မျိုးဆက်သစ် ကျောင်းသူလေးတွေဟာ စိတ်လှုပ်ရှားနေကြပါတယ်။

DASSK India

ကျောင်းအုပ်ကြီး Dr Meenakshi Gopinath

လေဒီရှရီရမ်ရဲ့ လက်ရှိ ကျောင်းအုပ်ကြီး Dr Meenakshi Gopinath က ''သူ ဒီကောလိပ်ကို ပြန်လာ လည်ပတ်တာဟာ အိမ်သားတယောက် အိမ်ပြန်လာတာ မျိုးပါပဲ။ ကျမတို့အတွက်တော့ ဒီပါဝလီ ပွဲထက်တောင် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်'' လို့ ပြောပါတယ်။

သူ့ကို ကျောင်းနေဘက် အတော်များများက အမှတ်ရ နေကြတယ်လို့ သူက ပြောပါတယ်။

လက်ရှိမျိုးဆက်သစ် ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ ဒုတိယနှစ် နိုင်ငံရေးသိပ္ပံ ကျောင်းသူလေး Manalika Borgohain ကလည်း ''သူဟာ ကျမတို့ကောလိပ်က ထွက်သွားတဲ့ ကျောင်းသူဟောင်းထဲက အင်မတန်ထူးချွန်တဲ့ မြန်မာ အမျိုးသမီးပါ။ သူ့ကို လေးစား အားကျတာကတော့ သူ့ရဲ့ တိုင်းပြည်အရေးကို ဦးစားပေး လုပ်တာကိုပါဘဲ။ အမျိုးသမီး တယောက်ဖြစ်ပေမယ့် မြန်မာပြည်သူ တွေအတွက် အင်အားတခုအဖြစ် ရပ်တည်ခဲ့တယ်။ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးဆိုတဲ့ သူ့ရဲ့ မိန့်ခွန်းတွေကို သဘောကျတယ်။ သူရတဲ့ ဆုငွေတွေကို ကိုယ်ကျိုးအတွက် မသုံးပဲ မြန်မာ ကျောင်းသားတွေအတွက် ပညာရေးရန်ပုံငွေ ထူထောင်ပေးခဲ့တာဟာ ကျွန်မတို့ အားလုံးအတွက် အတုယူစရာ အကောင်းဆုံး ဥပမာတခုပါပဲ'' လို့ ပြောပြသွားပါတယ်။

သတင်းပညာ လေ့လာနေတဲ့ တတိယနှစ် ကျောင်းသူလေး Naina Jethalia ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရင် မေးစရာ မေးခွန်းတွေ အများကြီးရှိနေတယ်၊ အထူးသဖြင့် သူ့ရဲ့ စိတ်ဓာတ် ခွန်အားတွေ၊ အနာဂတ် အမြင်တွေကို မေးချင်တယ်လို့ ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။