BBC navigation

စိစစ်ရေး လုပ်မရတဲ့ကိစ္စ ဘယ်လို ဖြေရှင်းမလဲ

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 15:28 GMT
Muslims in Rakhine State

ပေါက်တော မြို့နယ် အမှတ် ၃ ကျေးရွာမှာ ဘင်္ဂါလီတွေ လက်မှတ် မထိုး

ရခိုင် ပြည်နယ် အရေး ပြဿနာကို ပြေလည် အောင် ဖြေရှင်း နိုင်စေရေး အတွက် အစိုးရ ဘက်က နည်းလမ်းရှာ ဆောင်ရွက်တဲ့ အနေနဲ့ နိုင်ငံသား စိစစ်မှု စတင် လုပ်ဆောင် နေရာမှာ အခက် အခဲ တွေ ရင်ဆိုင် နေရပါတယ်။

ပေါက်တောမြို့နယ် အတွင်း ကျေးရွာတွေကို သွားရောက်ပြီး လူဦးရေ စာရင်း ကောက်ယူကြသူ တွေကို တချို့ ကျေးရွာက မွတ်ဆလင်တွေက ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ ပြဿနာ ဖြစ်နေတယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကိုယ်စားလှယ် ကိုထွန်းအေးသိန်းက ဘီဘီစီကို ပြောပါတယ်။

သူသွားရောက်ခဲ့တဲ့ ကျေးရွာ ခြောက်ရွာ လောက်ရှိခဲ့ရာမှာ အများစုက နိုင်ငံသား ဆိုတဲ့ နေရာကို ဘင်္ဂါလီလို့ ရေးသား ခဲ့ကြပေမဲ့ ကျေးရွာ တစ်ရွာမှာတော့ ရိုဟင်ဂျာလို့ မဖြည့်ရရင် လက်မှတ်မထိုးနိုင်ဘူးလို့ ငြင်းဆန် ခဲ့ကြကြောင်း ပြန်ပြောပါတယ်။

အဲဒီကျေးရွာက ပေါက်တော အမှတ် ၃ ကျေးရွာလို့ ဆိုပါတယ်၊ အဲဒီရွာက မွတ်ဆလင်တွေက နိုင်ငံသား ကဒ်ပြားလည်း မပြနိုင်၊ နိုင်ငံခြားသား ကဒ်တွေ လည်း မပြကြဘူးလို့ သူက ပြောပါတယ်။

စစ်ဆေးရေး အဖွဲ့ထဲမှာ ပါဝင်တဲ့ မွတ်ဆလင် ရပ်မိရပ်ဖတွေကိုလည်း လက်ခံ စကား မပြောကြတဲ့ အပြင် သူတို့ ကျေးရွာတွေဆီ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အခါ ရန်ပြုမယ့် အနေအထားနဲ့ ရင်ဆိုင် ခဲ့ရတယ် လို့ ကိုထွန်းအေးသိန်းက ပြောပါတယ်။

မွတ်ဆလင် ဘက်က ပြောစကား

ပေါက်တော မြို့နယ် ငှက်ချောင်း ကျေးရွာ မွတ်ဆလင် ဒုက္ခသည် စခန်းက လူတွေကတော့ သူတို့ရဲ့ မိဘ ဘိုးဘွားတွေဟာ အစဉ် အဆက် ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ကြသူတွေ ဖြစ်တာကြောင့် ဘင်္ဂါလီ လူမျိုးလို့ ရေးသား လက်မှတ် ရေးထိုးလိုက်မယ် ဆိုရင် သူတို့ဟာ အလိုလို တဘက်နိုင်ငံက ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ လို့ သတ်မှတ်ခံရမှာ ဖြစ်တယ်၊ ဒီလို အဖြစ် မခံနိုင်ဘူးလို့ ပြောကြပါတယ်။

၁၉၆၀ ခုနှစ်က အမျိုးသား လူ့အခွင့် အရေး ပါတီက ထုတ်ပေးထားတဲ့ ကဒ်ပြားထဲမှာ ရိုဟင်ဂျာ လူမျိုးလို့ ရေးသား ဖော်ပြခံရသူ တွေလည်း ရှိတယ်လို့ ဒုက္ခသည် စခန်းက မွတ်ဆလင် တစ်ယောက်က ပြောပါတယ်။

အဲဒီ ဒုက္ခသည် စခန်းမှာ လူပေါင်း ၈ ထောင် နီးပါး ရှိပြီး ရိုဟင်ဂျားလို့ လက်မှတ်ရှိသူ သုံးယောက်ရှိတယ်လို့ သူက ဆိုပါတယ်။ ကျန်သူတွေကတော့ သူတို့ အိုးအိမ်တွေကို မီးရှို့ တိုက်ခိုက် ခံခဲ့ရတုန်းက သူတို့ အထောက် အထား လက်မှတ်တွေ မီးလောင်တဲ့ အထဲ ပါသွား ပြီလို့ စောစောက မွတ်ဆလင်က ပြောပါတယ်။

ဘယ်လို ရှေ့ဆက်နိုင် မလဲ

အခု လက်ရှိ ရခိုင်ပြည်နယ် အတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံ ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး တရားမဝင် နေထိုင်ကြသူတွေကို စစ်ဆေးမှု လုပ်တာဟာ အစိုးရ ဘက်က ဒီပြဿနာ ဖြေရှင်းနိုင်ရေးမှာ တိကျ ပြတ်သားတဲ့ မူဝါဒ ချမှတ် လုပ်ဆောင်နိုင်ဖို့ စာရင်း အချက် အလက် စုဆောင်းတာ ဖြစ်တယ်လို့ ပဋိပက္ခ ဖြေရှင်းရေး ကျွမ်းကျင်သူ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

မကြာသေးခင်က ဖွင့်လှစ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဌာန တာဝန်ခံ တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးက ဒီလို အချက် အလက်တွေ ရဖို့ လူမျိုးစု စာရင်း ကောက်ခံတဲ့ နေရာမှာ မြန်မာ နိုင်ငံ မှာ တရားဝင် ပြဌာန်းထားတဲ့ လူမျိုးစုတွေထဲကပဲ ပြလို့ ရမယ်၊ မပါတဲ့ လူမျိုးစုတွေကို ထည့်သွင်း ရေးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။

မွတ်ဆလင်တွေ ဘက်က ၁၉၆၀ ခုနှစ်လောက်တုန်းက ရိုဟင်ဂျာလို့ ခေါ်တဲ့ လူမျိုးစု နာမည် တစ်ခု ဖန်တီးပြီး အဲဒီလူမျိုးစု အခွင့် အရေးကို ရခိုင်ပြည်နယ်ထဲမှာ ရဖို့ ကြိုးပမ်း လာတာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိ စာရင်းကောက်ခံသူ တွေဟာ သူတို့ လုပ်ရမယ့် တာဝန်အရ တရားမဝင် နေထိုင်သူ စာရင်းကို ကောက်ခံနေကြတာ ဖြစ်ပြီး နိုင်ငံသား ဆိုတာကို ဖန်တီး ပေးလို့ မရဘူး ဆိုတာ မွတ်ဆလင်တွေ ဘက်က လက်ခံဖို့ လိုတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။