BBC navigation

မောင်တောမှာ လက်နက်ကိုင်တွေ ဝင်တိုက်

နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2012 - 16:30 GMT
The entrance gate of Maungdaw Town

မောင်တောမြို့ မြောက်ပိုင်းကို လက်နက်ကိုင် တွေ ဝင်တိုက်ခဲ့

မြန်မာ နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ် မောင်တော မြို့နယ် မြောက်ပိုင်းကို အမည် မသိတဲ့ လက်နက်ကိုင်တွေ ၀င်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် မြန်မာ စစ်တပ် ဘက်က လူသေဆုံးမှု ရှိခဲ့ ပါတယ်။

နိုဝင်ဘာလ ၆ ရက် အင်္ဂါနေ့ ညနေ ပိုင်းက မောင်တော မြို့နယ် မြောက်ပိုင်း နယ်စပ် လုံခြုံရေးနဲ့ ကွပ်ကဲရေး နယ်မြေ အမှတ် ၁ ရှိရာ ရခိုင်ရွာ ဖြစ်တဲ့ ဗန္ဓုလရွာ အနီးမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ တာပါ။

အဲဒီ ဒေသမှာ ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်တာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

နယ်စပ်မှာ လမ်း ဖောက်လုပ် နေတဲ့ စစ်အင်ဂျင် နီယာ တပ်ဖွဲ့က တပ်သား တွေကို အမည် မသိတဲ့ လက်နက်ကိုင် အုပ်စုက ဝင်ရောက် တိုက်ခိုက် ခဲ့စဉ် စက်ပြင် ဆရာ ကိုကျော်ကျော် ပွဲချင်းပြီး သေဆုံးခဲ့ရ တယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

ဒါ့အပြင် တပ်ကြပ်ကြီး ခင်မိုးအောင်နဲ့ နောက်ထပ် နှစ်ဦး ကိုလည်း သူတို့က ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ သိရ ပါတယ်။

တိုက်ခိုက် မှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က ဝင်ရောက်လာတဲ့ RSO အာရ်အက်စ်အို အဖွဲ့က ပြုလုပ်တာလို့ ဒေသခံ တွေက ပြောဆို ပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က ပြုလုပ်တယ် ဆိုတာ နောက်ထပ် သီးခြား အတည် ပြုချက်တော့ ခုချိန်ထိ မရသေး ပါဘူး။

အဲဒီ တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် ညပိုင်း ၉ နာရီ လောက်က စစ်တပ် ဘက်က လိုက်လံ ရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွား ခဲ့သေးတယ်လို့ စောစောက ပြောတဲ့ ဒေသခံကပဲ ဆက်ပြော ပါတယ်။

လောလောဆယ် ဖမ်းဆီး ခေါ်ဆောင် သွားခံ ရတဲ့ လူ ၃ ယောက်ကို မြန်မာ စစ်တပ်က အပူတပြင်း လိုက်လံ ရှာဖွေ နေတယ်လို့ သိရ ပါတယ်။

အခုလို ဝင်ရောက် တိုက်ခိုက်သူ တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က ဝင်ရောက် လာတာ ဖြစ်တဲ့ အတွက် ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေ ဆီကို မြန်မာ ဘက်က အကြောင်းကြား ထားတယ် လို့လည်း ဆိုပါတယ်။

အခုတော့ နယ်စပ်မှာ မြန်မာဘက် တပ်အင်အားတွေ ဖြည့်တင်း ချထား တယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။