BBC navigation

ငြိမ်းချမ်းရေးအတွက် ရှမ်းညီလာခံ ကျင်းပမယ်

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 21:48 GMT
Shan Summit

ပြည်တွင်းငြိမ်းချမ်းရေး လမ်းစပွင့်စေပြီး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး သော့ချက်ဖြစ်စေမယ်။

ရှမ်းညီလာခံတခုကို ရန်ကုန်မြို့မှာ အခုလကုန်ပိုင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပက ရှမ်းခေါင်းဆောင်တွေ စုံကြမှာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေပါသလို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေလည်း လာကြမှာပါ။

မျက်မှောက်မြန်မာ့နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ ရှမ်းအဖွဲ့အစည်း ၁၂ ဖွဲ့က ခေါင်းဆောင် နှစ်ရာကျော် တက်ရောက်မယ့် ဒီညီလာခံဟာ ပြည်တွင်း ငြိမ်းချမ်းရေးလမ်းစ ပွင့်စေပြီး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး သော့ချက် ဖြစ်စေမယ်လို့ RCSS ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဘီဘီစီကို ပြောပါတယ်။

ညီလာခံကို သူကိုယ်တိုင် မတက်ပေမယ့်လို့ သူတို့အဖွဲ့အနေနဲ့တော့ ဒီမိုကရေစီ နည်းလမ်းကျတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်တည်ဆောက်နိုင်ဖို့ ဆွေးနွေး တင်ပြစရာတွေ ရှိတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

ပင်လုံစာချုပ်ကို အခြေခံလို့ ခေတ်နဲ့အညီ တိုင်းရင်းသား စည်းလုံးညီညွတ်အောင် ဆောင်ရွက်ဖို့ဟာ အရေးကြီးတယ်၊ လက်ရှိကာလ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ၊ လက်မှတ်ထိုးမှုတွေဟာ ရေရာမှု မရှိသေးဘူးလို့လည်း သူက သုံးသပ်ပါတယ်။

ပြည်တွင်းပြည်ပ ရှမ်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဟန်ညောင်ဝေ၊ ဦးခွန်ဆိုင်း၊ ဦးဝမ်ဆိုင်း၊ ဗိုလ်ချုပ်ပန်ဖ စသဖြင့် ခေါင်းဆောင်တွေ စုံကြမယ့် ဒီ ရှမ်းညီလာခံကို ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။