BBC navigation

ရခိုင်ကိစ္စ နိုင်ငံတကာ ကူညီဖို့ အာဆီယံပြော

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 01:05 GMT
Surin

အာဆီယံ အတွင်းရေးမှူးချုပ် စူရင် ပစ်စူဝမ်

ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ တင်းမာမှုတွေ ဆက်ဖြစ်နေတာကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက် နိုင်အောင် နိုင်ငံ တကာက ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဘက် က တိုက်တွန်း လိုက်ပါတယ်။

ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အတွင်း ထိခိုက်နစ်နာခဲ့ရသူတွေ၊ နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေကို အာဆီယံ အဖွဲ့ကြီးက ကူညီ ဆောင်ရွက်ခဲ့ကြောင်း အာဆီယံ အဖွဲ့ အတွင်း ရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

ဒါပေမယ့် အာဆီယံ အဖွဲ့ ဖြေရှင်း ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ တခြား ကိစ္စရပ် ပြဿနာမျိုးတွေကိုတော့ ကုလသမဂ္ဂ လို ကမ္ဘာ့ နိုင်ငံတွေပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်ယူ ဖြေရှင်း ပေးသင့်ကြောင်း သူက ပြောပါတယ်။

ရခိုင်ဒေသမှာ ပဋိပက္ခတွေ ထပ်မဖြစ်အောင် တားဆီးဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပဖို့ သူ့အနေနဲ့ ကမ်းလှမ်း ပြောဆိုခဲ့ပေမယ့် ဒါဟာ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်ဆိုပြီး မြန်မာ အစိုးရက လက်မခံခဲ့ဘူးလို့ ဆူရင် ပစ်ဆူဝမ်က ဆိုပါတယ်။

တခါ ရခိုင်ဒေသမှာ အကြမ်းဖက်မှု ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အခုလတ်တလော ထပ်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် ဒုက္ခသည်ပေါင်း ၂၈၀၀၀ ကျော်လောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ပြီးခဲ့တဲ့ ဇွန်လကကလည်း ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး လာကြတဲ့ ဒုက္ခသည် ၇ သောင်း ၅ထောင် လောက်ထဲက အများစုကိုတော့ စစ်တွေမြို့နဲ့ အနီးတဝိုက်က ဒုက္ခသည်စခန်းတွေ မှာ လက်ခံထားကြောင်းလည်း UNHCR ပြောခွင့်ရ မစ္စတာ အေဒရီယံ အက်ဒ်ဝပ်စ် ပြောပါတယ်။

အခု လတ်တလောမှာလည်း နေရာထိုင်ခင်း၊ အမိုးအကာ၊ အခြေခံ စားသောက်ကုန် လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ အလျင်မမီ ဖြစ်နေကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။