BBC navigation

လယ်သိမ်းခံ လယ်သမားတွေကို ရဲဖမ်း

နောက်ဆုံး ရေးသားချိန် 17 အောက်တိုဘာလ 2012 - 02:30 GMT

နေပြည်တော်ခရိုင်မှာ လယ်သမားတွေရဲ့ လယ်မြေတွေ အသိမ်းခံနေရ

နေပြည်တော်ခရိုင် ဒက္ခိဏ သီရိနဲ့ လယ်ဝေး မြို့နယ် အစပ်မှာ စည်ပင်သာယာဌာနက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒေသခံ မူလပိုင်ရှင် လယ်သမားတွေက သူတို့သာ ပိုင်ရှင်ဖြစ်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့လို့ ဦးဆောင်သူ လယ်သမား နှစ်ဦးကို ရဲက အင်္ဂါနေ့ည အထိ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

စည်ပင်သာယာဌာနက သူတို့ သိမ်းထားတဲ့ လယ်မြေတွေမှာ စည်ပင်ပိုင်မြေ မကျူးကျော်ရ၊ နိုင်ငံတော်ပိုင်မြေ မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထားတာကြောင့် ဒေသခံ လယ်သမားတွေက ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်မှု အထောက်အထားများရှိသည်၊ မကျူးကျော်ရ၊ ကျူးကျော်လာသူ ပြည်သူ့ ရန်သူ ဆိုတဲ့ ဆိုင်းဘုတ်တွေကို တန်ပြန် စိုက်ထူခဲ့ကြတာ ဖြစ်တယ်လို့ လယ်သမားတဦးက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီလယ်မြေတွေကို ၂၀၁၀ခုနှစ်လောက်က သိမ်းထားတာဖြစ်ကြောင်းနဲ့ အသိမ်းခံရတဲ့ လယ်မြေ စုစုပေါင်း ဧက ၇၅၀ကျော်လောက် ရှိကြောင်း ပြောပါတယ်။

ဆိုင်းဘုတ်တွေ မစိုက်ထူဖို့ စည်ပင်သာယာနဲ့ ရဲက လာရောက်တားဆီးခဲ့ကြပြီး ညနေ ၆နာရီလောက်မှာတော့ ဒီကိစ္စကို ဦးဆောင်လုပ်ခဲ့သူ လယ်သမား ကိုလှမြင့်နဲ့ ကိုကျော်စိုးတို့ နှစ်ဦးကို ပေါက်တော ရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနဲ့ ည ၁၀နာရီလောက်အထိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

လယ်မြေတွေ အသိမ်းခံရတဲ့ ကိစ္စအကြောင်း အထက်အဆင့်ဆင့်ကို အသနားခံစာတင် တိုင်ကြားထားပေမယ့် အကြောင်းမထူးတဲ့အတွက် အခုလို လုပ်ခဲ့ကြတာလို့လည်း ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။