BBC navigation

အိုအိုင်စီက နိုင်ငံတကာ အသိုင်းအဝိုင်း အကူအညီယူမယ်

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 21:02 GMT
Monks protest OIC

အောက်တိုဘာ ၁၅ က မြန်မာနိုင်ငံက မြို့ကြီး ၂၀ ကျော်မှာ သံဃာတော်တွေက အိုအိုင်စီကို ဆန့်ကျင်

အောက်တိုဘာ ၁၅ က ရန်ကုန် အပါအဝင် မြန်မာနိုင်ငံက မြို့ကြီး ၂၀ ကျော်မှာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ အိုအိုင်စီရုံး မြန်မာနိုင်ငံမှာ လာဖွင့်မှာကို လက်မခံတဲ့ ဆန္ဒပြပွဲတွေကို သံဃာတော်တွေ ဦးဆောင်လို့ ကျင်းပခဲ့ပြီး သမ္မတရုံးကလည်း ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီလို့ အိုအိုင်စီ ရုံးတွေ မဖွင့်ပါဘူးလို့ အောက်တိုဘာ ၁၅ ကပဲ ကြေညာခဲ့ပါတယ်။

အိုအိုင်စီနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန် လက်မှတ်ထိုးခဲ့ တာက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကထဲကပါ။ ဒါကို လူထုသိအောင် ကြေညာခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သံဃာတော်တွေနဲ့ လူထုက သတင်းတွေကနေ သိလာတော့ မြန်မာနိုင်ငံတဝှန်းမှာ အိုအိုင်စီဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ တဖြည်းဖြည်း လုပ်ဆောင်လာပြီး အောက်တိုဘာ ၁၅ မှာတော့ တပြည်လုံးအနှံ့ အိုအိုင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကျင်းပ လာကာမှ သမ္မတရုံးက ကြေညာချက်ထုတ်လာတာပါ။

အိုအိုင်စီရဲ့ မွတ်ဆလင်လူနည်းစုရေးရာ ညွှန်ကြားရေးမှူး ဒဲလားစ် ဒါဝုစ်ကတော့ မြန်မာအစိုးရအနေနဲ့ သူတို့ကို တရားဝင် အကြောင်းကြား အသိပေးတာမျိုး မရှိသေးဘူး၊ အစိုးရနဲ့ သဘောတူညီချက်အရ ဒီလူသားချင်း စာနာတဲ့ အနေနဲ့ ထောက်ပံ့ရေးရုံး ဖွင့်ဖို့၊ မွတ်ဆလင်တွေကို ကူဖို့ပါ။ ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ပဋိပက္ခတွေ ဖြစ်ပွားအပြီးမှာ သူတို့ အကူအညီ လိုနေပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အမျိုးသား အကျိုးစီးပွား မထိခိုက်အောင် အစိုးရဟာ ဆောင်ရွက်နေပါတယ်လို့ ပြောပေမယ့်လို့ သံဃာတော်တွေနဲ့ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မယ့် သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာမှ အဆောတလျင် အိုအိုင်စီရုံး ဖွင့်ခွင့်မပြုပါဘူးလို့ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အိုအိုင်စီ ကတော့ တကယ်လို့များ အစိုးရဘက်က ဖွင့်ခွင့်မပြုဘူးလို့ တရားဝင်ပြောလာခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဆက်လက်လှုပ်ရှားဆောင်ရွက်မယ်လို့ ပြောပါတယ်။ အခုကိစ္စက လိုအပ်လို့ ဆောင်ရွက်ရမယ့် ကိစ္စပါ၊ အရေးတကြီး ဆောင်ရွက်ဖို့လည်း လိုပါတယ်၊ အခြေခံ လူသားချင်း စာနာထောက်ပံ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အိုအိုင်စီအနေနဲ့ကတော့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကော်မရှင်၊ ဒုက္ခသည်များဆိုင်ရာရုံး စသဖြင့် လုပ်နိုင်တဲ့ အတိုင်းအတာအထိ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ဒဲလားစ် ဒါဝုစ်က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်က သံဃာတော်တွေ ဦးဆောင်လို့ မြို့ခံလူထုတွေလည်း ပါဝင်ပြီး ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ တောင်ငူ၊ မော်လမြိုင်အပြင် ရခိုင်ပြည်နယ်တွင်းက စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်းတို့ အပါအဝင် မြို့ကြီးပေါင်း ၂၀ ကျော်မှာ အိုအိုင်စီ ဆန့်ကျင်ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။