BBC navigation

အိုအိုင်စီရုံး ဖွင့်ခွင့်မပြုကြောင်း သမ္မတရုံး ကြေညာ

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 13:30 GMT
Rangoon monks protest against OIC

ရန်ကုန်မြို့အပါအဝင် မြို့ကြီး ၂၀ ကျော်မှာ အိုအိုင်စီရုံး လာဖွင့် မှာကို ကန့်ကွက် ဆန္ဒပြ

မြန်မာနိုင်ငံမှာ အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေးဟာ ပြည်သူ့ ဆန္ဒနဲ့ မကိုက်ညီ တဲ့ အတွက် ခွင့်ပြုမှာ မဟုတ်ဘူးလို့ မြန်မာ သမ္မတရုံး က အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

သမ္မတရုံး အင်တာနက် စာမျက်နှာရဲ့ ကြေညာချက် ထဲမှာ မြန်မာအစိုးရဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက် ရာမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ၊ အမျိုးသား အကျိုးစီးပွား၊ အချုပ်အခြာ အာဏာနဲ့ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန် စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဖေါ်ပြထား ပါတယ်။

အိုအိုင်စီ ရုံးလာဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ မြို့ကြီးတွေမှာ သံဃာတော်တွေနဲ့ ပြည်သူ လူထုတွေက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့ ကလည်း အိုအိုင်စီရုံး ဖွင့်မှာကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာနိုင်ငံ တဝန်းက မြို့ကြီး ၂၀ ကျော်မှာ သံဃာတော်တွေ ဦးဆောင်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ ကြပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့မှာ သံဃာ အပါး ၂ ထောင်ကျော် က မြိုလယ် လမ်း အတိုင်း စီတန်း ကြွချီပြီး သာသနာ ဗိမာန်မှာ အိုအိုင်စီနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲ လုပ်ခဲ့ကြ ပါတယ်။

ရန်ကုန်မြို့မှာတော့ သံဃာနဲ့ လူထု ၅ ထောင်ကျော်က ရွှေတိဂုံ ဘုရား ကနေ ဆူးလေ ဘုရားထိ ချီတက် ဆန္ဒထုတ် ဖေါ်ခဲ့ကြ ပါတယ်။ ဆူးလေ ဘုရား အရောက် ထုတ်ပြန်ချက် ဖတ်ကြား နေချိန်မှာ နိုင်ငံတော် ဘက်က အိုအိုင်စီရုံး ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ ပါတယ်။

အလားတူပဲ မန္တလေးမြို့၊ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့တို့ မှာလည်း ဆန္ဒ ထုတ်ဖေါ်ပွဲတွေ လုပ်ခဲ့ ပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲ တွေကို မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်ကြီး၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ ရေစကြို၊ ဖျာပုံ ၊ ပြည်၊ တောင်ငူနဲ့ မော်လမြိုင် စတဲ့ မြို့တွေမှာ လည်း ပြုလုပ်ခဲ့ ကြတယ်လို့ သိရ ပါတယ်။

ရုံးခွဲ ဖွင့်ခွင့် မပေးဘူး ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရဘက်က တရားဝင် ပြောဆိုတာ မရှိသေးကြောင်း နဲ့ ဒီကိစ္စ သေချာရင် လူသားချင်း စာနာမှု အထောက် အပံ့ ပေးမယ့် အရေး အတွက် မြန်မာ အစိုးရက အလေးအနက် မထား တာကို ပြသတာ ဖြစ်တယ်လို့ အိုအိုင်စီရဲ့ မူဆလင် လူနည်းစုများ အဖွဲ့ချူပ် ဒါရိုက်တာ မစ္စတာ တာလား ဒေါက်စ် (Talal Daous)က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။