BBC navigation

တောင်ကိုရီးယား ခရီးစဉ်မှာ ဘာတွေ မျှော်လင့်နိုင်မလဲ

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 16:34 GMT
South Korea President Lee Myung Bak

တောင်ကိုရီးယား သမ္မတရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန် သွားရောက်မှာဖြစ်

သမ္မတ ဦးသိန်းစိန်က လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်ဖို့ ရှိပါတယ်။

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ သွားရောက်မယ့် အဲဒီ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး ကိစ္စရပ် တွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံမှာ စျေးကွက် စီးပွားရေး စတင် ကျင့်သုံး ကတည်းက တောင်ကိုရီးယား နိုင်ငံက မြန်မာ နိုင်ငံ အတွင်း အထည်ချုပ် လုပ်ငန်းတွေ ထူထောင်ခဲ့ပြီး လျှပ်စစ် ပစ္စည်း ပူးတွဲ ထုတ်လုပ်မှု တွေ ရှိခဲ့တယ်လို့ မြန်မာ နိုင်ငံ စက်မှုနဲ့ လုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုဟာ အဆင့် ၁၀ နေရာမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံဟာ လုပ်သား အင်အား များတဲ့ အထည်ချုပ် လုပ်ငန်း၊ နိုင်ငံရဲ့ အခြေခံ အဆောက်အဦ ပိုင်း ဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ စက်ရုံတွေ တည်ဆောက်ပြီး လျှပ်စစ် မီး ထုတ်လုပ်ရေး၊ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ အကြီးစား စက်မှု လုပ်ငန်းတွေ ထူထောင်ရေး တို့မှာ ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

သူ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က မြန်မာ့ အထည်ချုပ် လုပ်ငန်း ကနေတောင်ကိုရီးယား နိုင်ငံကို တင်ပို့တဲ့ ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၂၃၀ ကျော်ဖိုး ရှိပြီး ဂျပန် နိုင်ငံ ပြီးရင် ဒုတိယ အကြီးဆုံး စျေးကွက် ဖြစ်တယ်လို့လည်း သိရ ပါတယ်။

မြန်မာ နိုင်ငံ ကုန်သည်ကြီးများ အသင်း အနေနဲ့ တောင်ကိုရီးယား ဘက်က အကြီးစား စက်မှု လုပ်ငန်းတွေ အပြင် စိုက်ပျိုးရေးသုံး အပေါ့စား လယ်ယာသုံး စက်ပစ္စည်းတွေ ကုန်သွယ်မှုကို လိုလားပြီး နိုင်ငံတော် တည်ဆောက်ရေးပိုင်း မှာတော့ လျှပ်စစ် စွမ်းအင်နဲ့ ရေနက် ဆိပ်ကမ်း လုပ်ငန်း တို့ကို လုပ်စေချင်တယ်လို့ သမ္မတရဲ့ တောင်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကုန်သည်ကြီးများ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။