BBC navigation

မြန်မာအမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 23:39 GMT

John Hopkins တက္ကသိုလ်မှ မြန်မာ အမေရိကန် အရေး ကမကထ ဆွေးနွေး

အမေရိကန် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် တည်ဆောက် နိုင်ရေး အတွက် John Hopkins တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ကျောင်း က ကမကထ စီစဉ်ကျင်းပ ပေးယင်း US-Myanmar Track 1.5 Dialogue ဆိုတဲ့ အစည်းအဝေး ကို ဝါရှင်တန် ဒီစီ မှာ အောက်တိုဘာလ ၁ ရက်နေ့က စလို့ ၃ ရက်နေ့ အထိ ကျင်းပ ခဲ့ ပါတယ်။

ဒီအစည်းအဝေး ကို တက္ကသိုလ်ပညာရှင်တွေ၊ နှစ်ဘက် အစိုးရ ဝန်ကြီးတွေနဲ့ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ အထဲမှာ ပါမောက္ခ David Steinberg နဲ့ အရှေ့အာရှ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell တို့ ပါဝင်ကြပါတယ်။

မြန်မာ ဘက် က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပါဝင်ပါတယ်။ အခုလို US-Myanmar Track 1.5 Dialogue အစည်းအဝေး လို့ နာမည် ပေးရခြင်း အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မင်္ဂလာ မြန်မာ အဖွဲ့က ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက Track 1 ဆိုရင် အစိုးရ အချင်းချင်း နှစ်ဘက် စကားပြောတာ ဖြစ်သလို၊ Track 2 ဆိုရင်လည်း အစိုးရ မဟုတ်တဲ့ အဖွဲ့ အချင်းချင်း ပြောတာ ဖြစ်လို့ အခုလို မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေး အဆက်ပြတ်နေရာက ပြန်စ တဲ့ အတွက် US-Myanmar Track 1.5 Dialogue လို့ ခေါ်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေး အကြား အတားအဆီးတွေ ဖယ်ရှားရေး မှာလည်း အမေရိကန်ဘက်မှာ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ရှိလို့ အခက်အခဲ တွေ ရှိပုံ၊ ဘဏ္ဍာရေး အရရော၊ နည်းပညာပိုင်း အကူအညီပေးရေးမှာ အချိန်မီအောင် ဆန်းသစ်တဲ့ နည်းလမ်း ရှာဖွေဖို့ ရှိတဲ့ အကြောင်း မင်္ဂလာ မြန်မာ အဖွဲ့က ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ဘီဘီစီ ကို ပြောပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။