BBC navigation

ပြည်တွင်းစစ် ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို တရားစွဲပြီ

နောက်ဆုံး ရေးသားချိန် 22 စက်တင်ဘာလ 2012 - 16:08 GMT
World Peace Day demo

ဆူးလေဘုရား ကနေ အင်လျား ကန်စောင်း အထိ ချီတက် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်

ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ချီတက် ဆန္ဒပြသူတွေ ထဲက ခေါင်းဆောင် တချို့ကို သက်ဆိုင်ရာက ခွင့်ပြုချက် မရဘဲ စီတန်း လှည့်လည်တယ် ဆိုတဲ့ ပုဒ်မ ၁၈ နဲ့ စနေနေ့မှာ တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။

သောကြာနေ့ ညနေကတည်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကနေ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ ခွင့်ပြုချက် မရဘဲ စီတန်းလှည့်လည် သူတွေကို ဖြတ်သန်းသွားတဲ့ မြို့နယ် ၁၀ မြို့နယ် စလုံးမှာ တရားစွဲမယ် ဆိုတဲ့ အတိုင်း စီတန်းလှည့်လည်တဲ့ ထဲက ခေါင်းဆောင် ၄ ယောက်ကို လှိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်မှာ တရားစွဲလိုက်တာ ဖြစ်ပါ တယ်။

ဆန္ဒပြသူတွေဟာ ပြည်တွင်းစစ် ရပ်စဲရေး ပိုစတာတွေ ကိုင်ဆောင်ပြီး သောကြာနေ့က ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ဆူးလေဘုရား ကနေ အင်လျား ကန်စောင်းကို ချီတက် လမ်းလျှောက် ခဲ့ကြတာ ဖြစ်ပါတယ်။

တရားစွဲခံရသူတွေ ကတော့ မျိုးဆက်သစ် လူငယ်များ အစည်း အရုံးက ကိုမိုးသွေး၊ ကိုကျော်ဘိုဘို၊ မထွေးယုမွန်၊ မခင်စန္ဒာညွန့်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြခွင့် တင်ခဲ့ ပေမယ့် သက်ဆိုင်ရာက ခွင့်ပြုမပေးလို့ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ စီတန်း လှည့်လည် ကြတာ ဖြစ်တဲ့ အကြောင်း ကိုမိုးသွေးက ပြောပါတယ်။

နောက်ပြီး စီတန်း လှည့်လည် ရာမှာ ဘာ ပြဿနာမှ မတက် ခဲ့တဲ့ အတွက် ဥပဒေကြောင်း အရ ရင်ဆိုင် သွားမယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း လူငယ် ၃၀ လောက်က ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်နားထိ ငြိမ်းချမ်းရေး ပိုစတာတွေ ကိုင်ပြီး စီတန်း လမ်းလျှောက် ခဲ့လို့၊ အဲဒီ အထဲက ဦးဆောင်သူ ကိုနေမျိုး၊ ကိုဘိုဘိုဟန်နဲ့ ကိုအောင်သူ တို့ ၃ ယောက်ကို တောင်ကြီး ရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲ လိုက်ပါတယ်။

တရားစွဲခံရသူ အားလုံးကို အာမခံနဲ့ နေထိုင်ခွင့် ပေးထားပြီး တရားရုံးမှာ အမှု ရင်ဆိုင် ရမယ်လို့ ကိုနေမျိုးက ပြောပါတယ်။

ပဲခူးတိုင်း ပြည်မြို့မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပ ဖို့ စီစဉ် ခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူ တောင်ပေါ် ကျောင်းက ဆရာတော် ဦးဝိမလကိုလည်း တိုင်း သာသနာရေး ဦးစီးမှူးနဲ့ အဖွဲ့က ဆင့်ခေါ်ပြီး နောက်နောင် နိုင်ငံရေး အဖွဲ့ အစည်းတွေနဲ့ မပတ်သက် ပါဘူး ဆိုတဲ့ ခံဝန် ကတိမှာ လက်မှတ် ထိုးခိုင်း ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။