BBC navigation

စစ်ပွဲတွေရပ်ဆိုင်းရေး ငြိမ်းချမ်းရေးနေ့ ဆန္ဒပြပွဲ

နောက်ဆုံး ရေးသားချိန် 21 စက်တင်ဘာလ 2012 - 17:35 GMT

ဆန္ဒပြသူ တထောင်လောက်ဟာ ဆူးလေဘုရား ကနေ အင်းလျားကန် အထိ ချီတက် ခဲ့ကြ ပါတယ်

သောကြာနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး နေ့မှာ စစ်ပွဲတွေ ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ မြန်မာနိုင်ငံ တလွှား နေရာ အနှံ့ ဆန္ဒပြ တောင်းဆို မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ကချင် ငြိမ်းချမ်းရေး ကွန်ယက်၊ Generation Wave အဖွဲ့၊ ပန်းရဲ့လမ်းနဲ့ အဖွဲ့ အစည်း တချို့က ဆန္ဒပြသူ တထောင်လောက်ဟာ ဆူးလေ ဘုရား ကနေ အင်းလျားကန် အထိ ချီတက် ခဲ့ကြ ပါတယ်။

ဆန္ဒပြပွဲ ခေါင်းဆောင်သူ တွေကိုတော့ သူတို့ ဖြတ်သွားရာ မြို့နယ် ၁၀ ခု ကနေ အမှု ဆယ်မှု ဖွင့်ထား တယ်လို့၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ခွင့်ပြုချက် မရဘဲ ဆန္ဒပြတဲ့ အတွက် ဖမ်းဆီး တရားစွဲမှာ ဖြစ်ကြောင်း၊ ခွင့်ပြုချက် တောင်းစဉ်က လူ ၂၀၀ ဆန္ဒ ပြမယ်လို့ ပြောခဲ့ပေမဲ့ တကယ်တန်း ဆန္ဒပြတော့ လူ ၁၀၀၀ ကျော် သွားတဲ့ အတွက်လည်း တရားစွဲမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲမှူး ဦးမြင့်ထွေးက ပြောကြားပါတယ်။

ဒီပွဲကို ဦးဆောင် စီစဉ်သူတွေ ထဲက တယောက် ဖြစ်တဲ့ Generation Wave က ကိုမိုးသွေးကတော့ အခု ဆန္ဒပြ ချီတက်ပွဲ အတွက် ခွင့်ပြုချက် တင်ကြို တောင်းပေ မဲ့လည်း အကြောင်း အမျိုးမျိုး ပြပြီး ငြင်းပယ်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်က ဗိုလ်တထောင် ဘုရားမှာ မနက်ပိုင်း ဆုတောင်းပွဲ လုပ်ခဲ့ သလို၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကလည်း ဗိုလ်တထောင် ဘုရား မှာပဲ ညနေပိုင်းမှာ သီးသန့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။ အလုံမြို့နယ် မှာလည်း ဆုတောင်းပွဲ တခု ပြုလုပ်ခဲ့ ပါတယ်။

ငြိမ်းချမ်းရေး ဆုတောင်းပွဲ တွေကို ပျဉ်းမနား၊ မိတ္ထိလာနဲ့ ပခုက္ကူမြို့တို့ မှာလည်း ပြုလုပ်ခဲ့ကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။