BBC navigation

စာနယ်ဇင်း ကောင်စီ (ယာယီ) ဖွဲ့လိုက်ပြီ

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 15:37 GMT
Burma press

စာနယ်ဇင်း ကောင်စီ သစ်က စာနယ်ဇင်း ဥပဒေ ရေးဆွဲဖို့ အဓိက ဆောင်ရွက်မယ် လို့ဆို

သတင်းမီဒီယာ အဖွဲ့ပေါင်းစုံနဲ့ စုစည်းပြီး အဖွဲ့ဝင် ၂၉ ဦးပါဝင်တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)ကို တနင်္လာ နေ့က ရန်ကုန်မြို့မှာ ဖွဲ့စည်း လိုက်ပါတယ်။

တရာရုံးချုပ် တရားသူကြီးဟောင်း ဦးခင်မောင်အေးက ဥက္ကဌ၊ သတင်းစာရာ မောင်ဝံသက ဒုတိယ ဥက္ကဌနဲ့ အတွင်းရေးမှူး အဖြစ် The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦး ကျော်မင်းဆွေ တို့ကို တာဝန်ပေး လိုက်ပါတယ်။

ဦးခင်မောင်အေးကို ဥက္ကဌ နေရာအတွက် ကြိုတင် လျာထားခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ကောင်စီဝင်တွေကိုတော့ အစည်းအဝေးကနေ ရွေးချယ် တင်မြောက် ခဲ့ကြတာ ဖြစ်ပါတယ်။

အရင် ဖွဲ့စည်းခဲ့တဲ့ စာနယ်ဇင်း အမြုတေကောင်စီ အစား မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ကို ပြောင်းလဲ ဖွဲ့စည်း ခဲ့တာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

စာနယ်ဇင်း သမားတွေကို အကာအကွယ် ပေးနိုင်မယ့် စာနယ်ဇင်း ဥပဒေ ကြမ်းကို ပါဝင်ရေးဆွဲဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့် ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ဖို့၊ စာနယ်ဇင် သမားတွေ ပြဿနာ အခက်အခဲ တွေ့ကြုံရတဲ့ အခါ ဝိုင်းဝန်း ညှိနှိုင်း ဖြေရှင်းပေးဖို့နဲ့ စာနယ်ဇင်း သမားတွေရဲ့အရည်အသွေးနဲ့ အရည်အချင်း တွေ မြှင့်တင် ပေးဖို့ အတွက် စာနယ်ဇင်း ကောင်စီက ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ ကို စာနယ်ဇင်း သမားတွေနဲ့ အချိန်ယူ တိုင်ပင်ပြီး ဖွဲ့စည်း တာကြောင့် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို လုပ်နိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။