BBC navigation

ဒေါ်စု အမေရိကန် ခရီး တနင်္ဂနွေနေ့ စတင်မယ်

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 15:36 GMT
Daw Aung San Suu Kyi

အမေရိကန် ခေါင်းဆောင် တွေကို မြန်မာ နိုင်ငံ တွင်း ပြောင်းလဲမှုတွေ ကိုယ်တိုင် ပြောပြချင်

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်

စက်တင်ဘာ ၁၆ - အမေရိကန် စတင် ထွက်ခွာ

စက်တင်ဘာ ၁၇ - ဝါရှင်တန် ဒီစီ ရောက်

စက်တင်ဘာ ၁၈ - Asia Society က Global Vision Award ဆု လက်ခံ

စက်တင်ဘာ ၁၉ - ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ် ဆု ပေးပွဲ တက်

စက်တင်ဘာ ၂ဝ - NED ချီးမြှင့်တဲ့ ဆုပေးပွဲ တက်

စက်တင်ဘာ ၂၁ - နယူးယော့ခ်က အတ္တလန္တိတ် ကောင်စီ Global Citizen Award ဆု ပေးပွဲတက်

စက်တင်ဘာ ၂၂ - အမေရိကန် ရောက် မြန်မာ များနဲ့ နယူးယောက် မှာ တွေ့

စက်တင်ဘာ ၂၃ - Louisville တက္ကသိုလ် သွား

စက်တင်ဘာ ၂၅ - ဖို့ဝိန်းမြို့ မြန်မာများနဲ့ တွေ့

စက်တင်ဘာ ၂၆ - ယေး တက္ကသိုလ် သွား

စက်တင်ဘာ ၂၇ - ဟားဗတ် တက္ကသိုလ် သွား

စက်တင်ဘာ ၂၈ - ဆန်ဖရန်စစ္စကို Freedom Forum တက်

စက်တင်ဘာ ၂၉ - ဆန်ဖရန်စစ္စကို မြန်မာများနဲ့ တွေ့

အောက်တိုဘာ ၂ - လော့အိန်ဂျလိစ် မြန်မာများနဲ့ တွေ့

အောက်တိုဘာ ၃ - အမေရိကန်က ထွက်ခွာ

ဒေါ်အောင်ဆန်း စုကြည် ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို လာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ၁၇ ရက်ကြာ နေထိုင် မှာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ် အတွင်းမှာ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု အခြေ အနေ တွေကို အမေရိကန် ပြည်ထောင်စု ခေါင်းဆောင် တွေသိအောင် ကိုယ်တိုင် ရှင်းပြ နိုင်မယ့် အခွင့် အရေး ရ လိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ် အတွင်း အမေရိကန် ကွန်ကရက် လွှတ်တော်က ပေးအပ်တဲ့ဆု အပါ အဝင် တခြား ဌာနတွေက ပေးထားတဲ့ ဆုတွေကို ဝါရှင်တန်နဲ့ နယူးယောက်မြို့တို့မှာ လက်ခံ ရယူမှာ ဖြစ်တဲ့ အပြင် တက္ကသိုလ် တချို့ကိုလည်း သွားရောက် မှာ ဖြစ်တယ် လည်း သူက ပြောပါတယ်။

တခြား အဖွဲ့ အစည်း တွေနဲ့ တွေ့ဖို့ အစီအစဉ်တွေ ထဲမှာတော့ စက်တင်ဘာလ ၂ဝ ရက်နေ့မှာ အမေရိကန် အခြေစိုက် ဒီမို ကရေစီနဲ့ ဖွံ့ဖြိုးရေး ပံ့ပိုး ကူညီမှု အဖွဲ့ NED က မြန်မာ့ အရေး လုပ်ဆောင်သူ တွေကို ပေးတဲ့ ဆုပေးပွဲ ကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

နယူးယောက်က မြန်မာ မိသားစုဝင် တွေနဲ့ စက်တင်ဘာ ၂၂ ရက် နေ့မှာ တွေ့ဆုံဖို့ ရှိပြီး ဖို့တ်ဝိန်း မြို့က မြန်မာ မိသားစုဝင်တွေ ကိုတော့ စက်တင်ဘာ ၂၅ ရက်နေ့မှာ သွားရောက် တွေ့ဆုံမှာ ဖြစ် ပါတယ်။

NED ဆုရှင်များ

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်း၊ နာရေး ကူညီမှု အသင်းက ဦးကျော်သူ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ မဲဆောက် မယ်တော် ဆေးခန်းက ဒေါက်တာ စင်သီယာမောင်နဲ့ အမေရိကန်က US Campaign for Burma အဖွဲ့က ကိုအောင်ဒင် တို့ကို ၂၀၁၂ ခုနှစ် အတွက် ဆုရှင်တွေ အဖြစ် NED က ရွေးချယ် ခဲ့ပါတယ်။

အဲဒီ ဆုပေးပွဲကို ကိုမင်းကိုနိုင် ကတော့ မသွားဖြစ် ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ယောက် ဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။

သူ မသွား ဖြစ်တဲ့ အကြောင်းက နိုင်ငံကူး လက်မှတ် ရရှိဖို့ ၈၈ မျိုးဆက် ကျောင်းသား ၂၀ လောက် လျှောက်ထား ရာမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး စတဲ့ ခေါင်းဆောင် တချို့ကိုသာ ပေးပြီး အားလုံးကို မပေးသေးတဲ့ အတွက် ခွဲခြား ဆက်ဆံ ခံနေ ရတာ ကြောင့် မသွား ဖြစ်တာလို့ ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသား တွေ အနေနဲ့ လျှောက်ထားသူ အားလုံးကို ပေးရင်ပေး မပေးရင် ဘယ်သူမှ နိုင်ငံကူး လက်မှတ်မယူဘူး ဆိုတဲ့မူ ကိုကိုင်စွဲ ထားတယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။