BBC navigation

အင်းလေး ဖယ်ခုံ လယ်မြေ သိမ်းမှု

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 23:40 GMT
_bbc_farmers_

လယ်မြေ သိမ်းမှု များပြားနေ

ရှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းမိုင်း ကျေးရွာက ဒေသခံတွေ ရဲ့ ဘိုးဘွား လက်ထက် ကတည်းက အခြေချ လုပ်ကိုင် ခဲ့တဲ့ လယ်ယာမြေ ဧက ၁ဝဝ ကျော်ကို ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ တခု ဖြစ်တဲ့ တက်လမ်း ကုမ္ပဏီ က ရွှေ့ပြောင်း တောင်ယာမြေ တွေကို အလံတွေ စိုက်ထူပြီး ကုမ္ပဏီ အဖြစ် သိမ်းယူနေပါတယ်။

ဒါ့အပြင် ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကြားကို လည်း ဖြတ်ပြီး ကျင်းတွေ တူးဖို့ လုပ်နေလို့ မကျေမနပ် ဖြစ်မှုတွေ ပေါ်ပေါက်နေပါတယ်။ စိုက်ပျိုး လယ်မြေတွေ ကိုရော၊ ရွှေ့ပြောင်း တောင်ယာ လုပ်ပြီးလို့ လွတ်နေတဲ့ မြေရိုင်း တွေမှာပါ ကုမ္ပဏီ အလံ လာစိုက်ပြီး တိုင်ထူတာ တွေ အပင်စိုက်တာတွေ လုပ်နေကြောင်း၊ လယ်သမားတွေ အတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကယန်း မျိုးဆက်သစ် လူငယ် အဖွဲ့က အတွင်းရေးမှူး ခွန်ဘီဒူး က ဘီဘီစီ ကို ပြောပြပါတယ်။

ကုမ္ပဏီဘက်ကလည်း သစ်မာစိုက်ဖို့ ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ က စာချုပ်ချုပ်ဆို ပြီးသားဖြစ်ကြောင်း၊ ဒါပေမယ့် လယ်ပိုင်ရှင်တွေက ဒီမြေငှားမှု ကို မသိကြ လို့ မကျေနပ်တဲ့ အကြောင်း ပြောပါတယ်။

တက်လမ်းကုမ္ပဏီ တာဝန်ခံ ဦးဇော်ဝင်းအောင် က လည်း၊ သစ်တောဝန်ကြီးဌာန ကနေ အင်းလေး ဒေသရှိ ဖယ်ခုံနယ် မှာ စိမ်းလန်းစိုပြေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရအောင် အစိုးရသစ်တောဌာန ကနေ သစ်မာစိုက်ဖို့၊ မြေဆီလွှာ ထိန်းနိုင်ဖို့၊ သို့မဟုတ်ရင် မိုးဗြဲဆည်က တဖြည်းဖြည်း တိမ်ကောလာမှာ စိုးရိမ်လို့ ဆောင်ရွက်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီမြေတွေဟာ အစိုးရပိုင် ဖြစ်တဲ့ အတွက် သစ်တောဦးစီးပိုင်လည်း ဖြစ်တာမို့ မြေသိမ်းတာ မဟုတ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေ ကတော့ ကုမ္ပဏီ အနေနဲ့ ဆက်လက် လုပ်ကိုင်နေရင် နိုင်ငံတော် သမ္မတ အထိ ကန့်ကွက်စာ ပို့မယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။