BBC navigation

Myue နဲ့ Soe အထည်ချုပ် အလုပ်သမားများ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 16:51 GMT

အခြေခံလစာ ကျပ် ၂၅၀၀၀ ကနေ ကျပ် ၃၀၀၀၀ ရရှိရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်

လှိုင်သာယာ စက်မှု ဇုန် အမှတ် ၄၊ Myue နဲ့ Soe အထည်ချုပ် စက်ရုံ အလုပ်သမား ၁၃၀၀ နီးပါးဟာ သောကြာနေ့ မနက် ၈ နာရီမှာ လှိုင်သာယာ စက်ရုံ ကနေ မရမ်းကုန်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အထိ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။

အလုပ်သမားတွေက အခု ရရှိနေတဲ့ အခြေခံလစာ ကျပ် ၂၅၀၀၀ ကနေ ကျပ် ၃၀၀၀၀ ရရှိရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အနားယူချိန်ဖြစ်တဲ့ လခလည်း မရတဲ့ အားလပ်ချိန်မှာ တခြား ခိုင်းစေတာဟာ အပိုလုပ်အား ညှစ်ထုတ် ယူတာ ဖြစ်တယ်လို့၊ အလုပ်သမားတွေက အဲဒီလို ခိုင်းစေတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုကြ ပါတယ်။ တောင်းဆိုချက် စုစုပေါင်းကတော့ ၂၈ ချက် ဖြစ်ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ အရင် ၆ လ လောက်က ဆွေးနွေးမှုတွေ လုပ်ထားတာ ရှိကြောင်း၊ ဆန္ဒပြ အလုပ်သမားတွေနဲ့ အတူ ရှိနေတဲ့ တိုင်ရီ အလုပ်သမား သမဂ္ဂ ခေါင်းဆောင် ကိုမျိုးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီတုန်းက အလုပ်ရှင်က ဆန္ဒမပြဖို့ ပြောပြီး လုပ်အားခ တိုးပေးမယ်လို့ ပြောထားပေမယ့် အခုအချိန်အထိ မတိုးပေးသေးဘူးလို့ သူက ပြောပါတယ်။

အလုပ်သမားတွေ အနေနဲ့ ဆန္ဒပြမယ် ဆိုရင် ကြိုတင် ခွင့်ပြုချက်တောင်း ခံရမယ် ဆိုတာကို မသိသေးတဲ့ အတွက် ခွင့်ပြုချက် မတောင်းဘဲ အခုလို ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီအတွက် အာဏာပိုင်တွေက အရေးယူမယ်လို့ ခြိမ်းချောက်မှုတွေ ရှိနေပါတယ်။

ညနေပိုင်းမှာတော့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် အကြား ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။