
ချင်း ပြည်နယ်နေ့ အခမ်းအနား ဆင်နွှဲစဉ်
မြန်မာအစိုးရ ဟာ အစီအစဉ်ချပြီး ချင်း တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင်တွေ ကို ဗုဒ္ဓဘာသာဝင် အဖြစ် အတင်း သွတ်သွင်း နေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ က စွပ်စွဲ လိုက်ပါတယ်။
ချင်းလူ့အခွင့်အရေး အဖွဲ့ က ဆလိုင်း ဇာအုတ်ခ်လင်း က နယ်စပ်ဒေသ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် နဲ့ ဖွင့်လှစ်တဲ့ သင်တန်းကျောင်း တွေ မှာ တက်ရောက် နေတဲ့ ခရစ်ယာန် ဘာသာဝင် ချင်း လူမျိုးတွေ ကို ဗုဒ္ဓ ဘာသာဝင် အဖြစ် ဖိအားပေးပြီး ကူးပြောင်းခိုင်းတာ၊ အဲဒီလို ကူးပြောင်းရင် ဒေသခံ အုပ်ချုပ်ရေး အရာရှိ တွေ ၊ ၀န်ထမ်းတွေ အဖြစ် ခန့်အပ် မယ် ဆိုတဲ့ ကတိတွေ ပေးပြီး ဆွဲဆောင် နေတာ တွေ လုပ်နေတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ က ပြုလုပ်ခဲ့တဲ့ သူတို့အဖွဲ့ ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာအစိုးရ ဟာ ပြုပြင်ပြောင်းလဲရေး တွေ လုပ်နေတယ် လို့ ဆိုနေကြ ပေမယ့်လည်း သူတို့ ချင်းပြည်နယ် မှာတော့ ဘာသာရေး အရ ခွဲခြားမှု တွေ၊ နှိပ်ကွပ်မှု တွေ ဆက်လက် ပြုလုပ်နေဆဲ ပဲ လို့ ပြောပါတယ်။
ဘာသာဝင်တိုင်းဟာ သူတို့ ကိုးကွယ်ရာ ဘာသာ ကို တခြားသူတွေ ယုံကြည် ကိုးကွယ်လာအောင် စည်းရုံးခွင့် ရှိကြပေမယ့် အစိုးရ ကိုယ်တိုင် ဦးဆောင်ပြီး ဖိအားပေး သွတ်သွင်း နေတာ က မဖြစ်သင့် တဲ့ လုပ်ရပ် ပဲ လို့ ဆလိုင်း ဇာအုတ်ခ်လင်း က ပြောပါတယ်။
















