BBC navigation

ရခိုင် အရေး သမ္မတ သဝဏ်လွှာ မှတ်တမ်း မတင်နိုင်သေး

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 16:19 GMT
Rakhine Conflicts

ရခိုင် အရေး အခင်းမှာ ပဋိ ပက္ခမှာ အပြန် အလှန် မီးရှို့ တိုက်ခိုက်မှု တွေ ဖြစ်ခဲ့

ရခိုင်ပြည်နယ်က အခင်း ဖြစ်ပွားတဲ့ အခြေအနေ တွေကို သုံးသပ် ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ကြာသပတေးနေ့က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ မှတ်တမ်းတင်းပို့ကို ကန့်ကွက်တဲ့သူရှိလို့ မှတ်တမ်း မတင်နိုင် သေးဘဲ ဖြစ်နေ ပါတယ်။

ရခိုင် ပြည်နယ်က အခင်း ဖြစ်ပွားချက် တွေနဲ့ ပတ်သက်တဲ့ တွေ့ရှိချက် တွေကို သတင်း သုံးသပ်ချက် အနေနဲ့ သမ္မတ သဝဏ်လွှာနဲ့ အတူပူးတွဲ ပေးဖို့ခဲ့တဲ့ အထဲမှာ ရခိုင် တိုင်းရင်းသားတွေ နဲ့ရော ဘင်္ဂါလီ မွတ်ဆလင် တွေနဲ့ပါ သက်ဆိုင်တာ တွေကို သုံးသပ် တင်ပြထား ပါတယ်။

ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ အတွင်း ရေးမှူး ဒေါ်ဒွဲဘူကတော့ သမ္မတရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားသလို နှစ်ဘက် စလုံး အောက်ခြေမှာ ဖြစ်ပျက် နေတာတွေက အမှန် အတိုင်းပဲ ဖြစ်တယ်ဆိုတာ သူကိုယ်တိုင် ရခိုင် ပြည်နယ်ကို သွားရောက်ပြီး ကြည့်ရှု ခဲ့တဲ့ အနေအထား အရ ပြောနိုင်တယ်လို့ ဆိုပါတယ်။

သဝဏ်လွှာ ထဲမှာ နှစ်ဘက် စလုံးရဲ့ လူမျိုးရေး နဲ့ ဘာသာရေး အစွန်းရောက်တာ တွေကို ဖော်ပြထားပြီး အောက်ခြေမှာ ဖြစ်နေတာ တွေကို မှန်မှန် ကန်ကန် ချပြပြီး ဖြေရှင်း ဆောင်ရွက် သွားဖို့ လိုအပ်တယ်လို့ ဒေါ်ဒွဲဘူက ဘီဘီစီကို ပြောပါတယ်။

သမ္မတ သဝဏ်လွှာနဲ့ ပူးတွဲပါ သုံးသပ်ချက်မှာ ပါတဲ့ အချက်များ

ရခိုင်တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီး ထောက်ပြထားတာတွေ ကတော့ နိုင်ငံရေး ပါတီတွေ၊ သံဃာ တချို့နဲ့ လူပုဂ္ဂိုလ် တချို့ဟာ လူမျိုးရေး မုန်းတီးမှု ကို အလွန်အကျွံ ရှေ့တန်း တင်ပြီး လူမျိုးရေး အရ တိုက်ခိုက် လိုမှုကို လှုံ့ဆော် တယ်၊ မြန်မာနိုင်ငံ အနှံ့မှာ ရှိတဲ့ ဘင်္ဂါလီ မွတ်ဆလင် တွေကို အကြမ်း ဖက်ဖို့ ကြံစည် တာတွေ ရှိတယ်၊ အစိုးရ အဆက်ဆက်က ရခိုင်တိုင်းရင်းသား တွေကို အကာ အကွယ် မပေးဘူး၊ သယံဇာတတွေ ရယူဖို့ပဲ လုပ်တယ် ဆိုတဲ့ ပြောဆိုမှုတွေနဲ့ တိုင်းရင်းသား စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင် တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေ အဂတိ လိုက်စားပြီး ဘင်္ဂါလီတွေ ခိုးဝင်တာကို မတာမြစ်နိုင်ဘူး၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဟာ ဘင်္ဂါလီတွေ ဆီက မဲရဖို့ဘဲ လုပ်တယ်၊ ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဘင်္ဂါလီတွေ နိုင်ငံသား ဖြစ်လာ နိုင်တဲ့ အခြေအနေကို နားလည် လက်ခံနိုင်မှု မရှိဘူ လို့လည်း ဆိုထားပါတယ်။

ကုလသမဂ္ဂနဲ့ အန်ဂျီအို အဖွဲ့ တွေက ဘင်္ဂါလီတွေ ကိုဘဲ ကူညီတယ် ဆိုပြီး ဒေသတွင်းမှာ မနေရဲအောင် လုပ်ဆောင်တယ်၊ ပဋိ ပက္ခကြောင့် ဘင်္ဂါလီ လူမျိုးတွေ စီပွားရေး ရပ်ဆိုင်း တာကို ရခိုင် တိုင်းရင်းသား လုပ်ငန်းရှင် တချို့က အချောင် ရဖို့ လုပ်ဆောင်တယ် အစရှိတဲ့ သုံးသပ်ချက်တွေ ကို ဖေါ်ပြထား ပါတယ်။

လူမျိုး နှစ်စု အကြား ယုံကြည်မှု တည်ဆောက်ပြီး နေထိုင် နိုင်အောင် လုပ်ဖို့ လိုတယ်လို့ ထောက် ပြထား ပါတယ်။

ဘင်္ဂါလီ မွတ်ဆလင် တွေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် မှာတော့ သာမန် ပြည်သူတွေနဲ့ ဘာသာရေး အစွန်းရောက်တဲ့သူ ဆိုပြီး နှစ်အုပ်စု တွေ့ရတဲ့ အကြောင်းနဲ့ သာမန် ပြည်သူ တွေက ဘဝ ရပ်တည်ရေး အသက် ရှင်သန် ရပ်တည်ရေး ကိုဘဲ အာရုံပြု နေတယ်၊ ကလေးနဲ့ အမျိုးသမီးက ၄ ပုံ ၃ ပုံလောက် ရှိပြီး အသက်မွေး ဝမ်းကြောင်း အတွက် အခက် အခဲရှိတာ၊ ပညာမတတ်တာ၊ ကလေး မွေးဖွားနှုန်း များတာ၊ ဘာသာရေး အစွန်း ရောက်သူ တွေရဲ့ လွမ်းမိုးမှု အောက်မှာ ရောက်နေကြတာ တွေကို ထောက်ပြထားပါတယ်။

ကလေးနဲ့ အမျိုးသမီး တွေကို အကြောင်း ပြပြီး နိုင်ငံ တကာ ကနေ လူသားချင်း စာနာမှု အကူအညီ ရဖို့ လုပ်ဆောင် နေတယ် လို့လည်း ပြောပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေနဲ့ မော်လဝီ တွေက ဘာသာရေး မှိုင်းတိုက်ပြီး လူဦးရေ များဖို့ အသုံးချ နေတာကိုလည်း ထည့်သွင်း ပြောထားပါတယ်။

အခု သုံးသပ်ချက် တွေမှာ ရခိုင် တိုင်းရင်းသားတွေ စွပ်စွဲ ပြောဆို ချက်တွေ ဖြစ်လို့ လက်မခံ နိုင်တဲ့ အကြောင်း ရခိုင် တိုင်းရင်းသား အမတ်တွေက ပြည်ထောင်စု လွှတ်တော် နာယကဆီကို ကန့်ကွက်စာ တင်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတရဲ့ သဝဏ်လွှာကို မှတ်တမ်း မတင်သေးဘဲ ရပ်ဆိုင်း ထားတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က လွှတ်တော်ကို တင်ပြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။