BBC navigation

ဖွဲ့စည်းပုံခုံရုံးနဲ့ လွှတ်တော် ထိပ်တိုက်တွေ့နေတာ ဘယ်လိုရှင်းကြမလဲ

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 16:42 GMT

လွှတ်တော် အသီသီးက ဖွဲ့စည်းထားတဲ့ ကော်မီတီ၊ ကော်မရှင်နဲ့ အဖွဲ့အစည်းတွေကို ပြည်ထောင်စုအဆင့် အဓိပ္ပါယ် ဖွင့်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နဲ့ မကိုက်ညီဘူးလို့ ဖွဲ့စည်းပုံအခြေခံ ခုံရုံးက ဆုံဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ ဖွဲ့စည်းပုံခုံရုံးကြား ထိပ်တိုက်တွေ့နေတဲ့ ပြသနာအပါအဝင် ပြသနာအရပ်ရပ်ကို ကိုင်တွယ်ရာမှာ ညှိနှိုင်းအဖြေရှာတဲ့ အလေ့အကျင့်လုပ်ဖို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ကော့မှုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ အန်အဲဒီလွှတ်တော်အမတ်တွေ တွေ့ဆုံကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကြုံတွေ့နေရတဲ့ ပြသနာတွေဟာ ဒီမိုကရေစီကို စတည်ဆောက်စအချိန်မှာဖြစ်လို့ တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး မည်သည့်ကိစ္စကို မဆို ညှိနှိုင်း ဆွေးနွေးဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရဖို့ ဒီမိုကရေစီခံဖို့ တပ်မတော်မရှိပဲ မဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုတာ တပ်မတော်ခွင့်ပြုသလောက်ဘဲရမယ်ဆိုတာ သဘောပေါက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ကြံခိုင်ဖွံဖြိုးရေးပါတီ လွှတ်တော်အမတ်တွေရဲ့သဘောထား

ဖွဲ့စည်းပုံခုံရုံးနဲ့ လွှတ်တော်ကြား သဘောထားကွဲနေရာမှာ သမ္မတဦးသိန်းစိန်က ခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ နည်းလမ်းအစား ဖွဲ့စည်ပုံ ပြင်ဆင်ရေးနည်လမ်းဟာ ပိုသင့်တော်တယ် ဒါပေမယ် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ကြိုက်ရာကို ရွေးနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ကို ပေးတဲ့ သဝဏ်လွှာမှာ ဖေါ်ပြခဲ့ပါတယ်။

ကြံခိုင်ဖွံဖြိုးရေးပါတီ လွှတ်တော်အမတ်တွေကတော့ ကော်မီတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်ပေးဖို့ တညီတညွတ်တည်း သဘောရှိကြပြီး ဖွဲ့စည်းပုံခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ နည်းလမ်းကို ဆက်သွားဖို့ ဆန္ဒရှိကြတယ်လို့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီက မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော် စီမံကိန်းများနဲ့ ဘဏ္ဍာရေးတိုးတက်မှုကော်မီတီ အတွင်းရေးမှုး ဦးအေးမောက်က ပြောပါတယ်။

သမ္မတ၊ ခုံရုံးတို့နဲ့ ညှိနှိုင်းခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။

ပြည်ထောင်စုအဆင့်တောင်းဆိုနေရတာဟာ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်ကို တန်းတူရည်တူ ဖြစ်စေလိုလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျားဖြူပါတီရဲ့ သဘောထား

သမ္မတဦးသိန်းစိန်လိုဘဲ ဖွဲ့စည်းပုံလိုအပ်ချက်တွေကို ဖြည့်စွက်ပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီသစ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ ကျားဖြူပါတီက ဦးရဲထွန်းတို့က ဒီအရင်က လွှတ်တော်မှာ တင်ပြခဲ့ဘူးကြပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ညှိနှိုင်းဖြေရှင်းနိုင်မယ့်အနေအထားထက် စွပ်စွဲပြစ်တင်တဲ့လမ်းကိုဘဲ သွားဖို့ရှိတော့တယ်လို့ ဦးရဲထွန်းကပြောပါတယ်။

စွပ်စွဲပြစ်တင်မှုကို အမျိုးသားလွှတ်တော်က စလုပ်မယ်လို့ ဆိုပါတယ်။ အမတ် လေးပုံတပုံ က သဘောတူရင် လွှတ်တော်မှာဆွေးနွေးပြီး အမတ် ၃ပုံ ၂ပုံ ရဲ့ ထောက်ခံမဲရရင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးရမှာဖြစ်တယ်လို့ ဦးရဲထွန်းက ရှင်းပြခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။