BBC navigation

စာပေစိစစ်ရေးမှာ ထုတ်/တင်စနစ် ပြောင်းလဲ ကျင့်သုံး

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 11:05 GMT

တင်ထုတ်၊ ထုတ်တင် စနစ် မရှိတော့တဲ့ အတွက် စာပေလွတ်လပ်စွာ ထုတ်ဝေနိုင်တော့မယ်

သတင်းဂျာနယ် မဂ္ဂဇင်းတွေ အနေနဲ့ စိစစ်ရေးကို ကြိုတင် တင်ပြ စိစစ်မှု ခံယူစရာ မလိုပဲ ထုတ်ဝေပြီးမှ ပြန်တင်ရတဲ့ ထုတ်/တင် စနစ်ကို ပြောင်းလဲ ကျင့်သုံးတော့မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ကနေ တနင်္လာနေ့က ကြေငြာချက်ထုတ်ခဲ့ပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး စာပေစိစစ်နဲ့ မှတ်ပုံတင် ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ရန်ကုန်မြို့မှာ သတင်းစာ ဆရာတွေကို ခေါ်ယူ ရှင်းပြခဲ့ပါတယ်။

အခု ထပ်တိုးချဲ့ ပြဌာန်းလိုက်တဲ့ ထုတ်/တင်စနစ်အောက်မှာ နိုင်ငံရေးနဲ့ ဘာသာရေး စာပေတွေ ပါဝင်ကြောင်း ဦးတင့်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဒီဘာသာရပ်နှစ်ခုအောက်မှာ အကျုံးဝင်တဲ့ ဂျာနယ် ၈၆ စောင်နဲ့ မဂ္ဂဇင်း ၅၅ စောင် အပြင် ပြက္ခဒိန်၊ ပို့စကတ်၊ သဝဏ်လွှာ ၊ တေးသီချင်း နဲ့ သံရုံး စာပေ တို့ ကြိုတင်စရာ မလိုတော့ဘူးလို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက အဆင့် ၅ ဆင့် ချပြီး စိစစ်မှုတွေကို လျော့ပေါ့ပေးနေရာမှာ အခုနောက်ဆုံးအဆင့်ကို အကောင်အထည် ဖော်လိုက်တာ ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောပါတယ်။

အခုလို အပြောင်းအလဲလုပ်တာဟာ အစိုးရသစ်တက်လာပြီးနောက် ပြန်ကြားရေး ဝန်ကြီးဌာနက စိစစ်ရေးဆိုင်ရာ မူဝါဒ နှစ်ခု အဓိကထား လုပ်ဆောင်နေကြောင်း၊ တစ်ခုက မီဒီယာ ဥပဒေ ပေါ်ပေါက်ရေး နဲ့ နောက်တစ်ခုကတော့ မီဒီယာ ဥပဒေ မပေါ်ပေါက်ခင် အခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေနဲ့ သဟဇာတ ဖြစ်စေမယ့် မူဝါဒတွေ ချမှတ် လုပ်ဆောင်ရေး ဖြစ်တယ်လို့ သူက ပြောပါတယ်။

သတိနဲ့ ကြိုဆိုကြ

The Voice ဂျာနယ် အယ်ဒီတာ ချုပ် ကိုကျော်မင်းဆွေက အခုအပြောင်းအလဲကို ကြိုဆိုရမှာ ဖြစ်ပေမယ့် ထုတ်/တင် စနစ်မှာ ဘယ်လို ပုံစံ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာ မသိရ သေးတဲ့အကြောင်း ပြောပါတယ်။

မြန်မာ့ဓနနဲ့ Open News ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောကတော့ အခု ထုတ်/တင် စနစ်ကြောင့် မီဒီယာသမားတွေအတွက် တာဝန်ပိုကြီးလာနိုင်ကြောင်း၊ အထူးသဖြင့် ဂျာနယ်တိုက်တွေမှာ ကျင့်ဝတ်ဆိုင်ရာ ၊ ဥပဒေဆိုင်ရာ ဗဟုသုတတွေ၊ ဥပဒေ အကြံပေးတွေ ပိုလိုလာမှာ ဖြစ်ကြောင်း ပြောပါတယ်။

မကြာခင်က ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း နာယက ဦးဖိုးသောကြာ ကလည်း အခု အပြောင်းအလဲကြောင့် အရင်က သုံးကြိမ် ကြိုတင်ရတဲ့ ဒုက္ခ လျော့နည်းသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် မီဒီယာသမားတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ညွှန်ကြားချက်တွေ ကျန်နေသေးကြောင်း၊ နောက်ပြီး ၁၉၆၂ ပုံနှိပ် ဥပဒေကလည်း ရှိနေသေးတဲ့အတွက် ပိုမို လွတ်လပ်လာပြီလို့ စိတ်ချလက်ချ မပြောနိုင်သေးကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။