
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ကို သမ္မတက တိုက်ရိုက် တာဝန်ပေး ဖွဲ့စည်းခဲ့
ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကော်မရှင်ကို ပြီးခဲ့တဲ့ သောကြာနေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီ အဖွဲ့ဝင်တွေ၊ လူမှုရေး အသင်းအဖွဲ့ဝင်တွေနဲ့ တသီး ပုဂ္ဂလ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
ဆပ် ကော်မီတီ အဖွဲ့လေးတွေ ဖွဲ့ပြီး ဆောင်ရွက်ဖို့ ပဏာမ ဆွေးနွေးခဲ့ကြကြောင်းနဲ့ ၃လအတွင်း ဖြစ်ရပ်မှန် ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ကော်မရှင် အဖွဲ့ဝင် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဌ ဒေါ်ဝါဝါထွန်းက ဘီဘီစီကို ပြောပါတယ်။
နဂိုကတည်းကိုက အချက်အလက်တွေ စုဆောင်းထားပြီးသား ရှိနေကြောင်း၊ ဥပမာ ရခိုင်ဒေသကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ဦးကိုကိုကြီးတို့ဆိုမှာ အချက်အလက်တွေ ရထားပြီး ဖြစ်ကြောင်းနဲ့ စုံစမ်းဖို့ လိုအပ်တဲ့ နေရာတွေကို အဓိကထားပြီး စုံစမ်း စစ်ဆေးသွားမှာမို့ ၃လအတွင်း အပြီးအစီး ဆောင်ရွက်သွားမယ်လို့ ယုံကြည်ကြောင်း ဒေါ်ဝါဝါထွန်းက ပြောပါတယ်။
စုံစမ်း စစ်ဆေးမှုတွေ လုပ်ရာမှာ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်လို့ ယူဆထားကြောင်းနဲ့ မေးမြန်းစုံစမ်းခံရသူတွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
အင်္ဂါနေ့ကျရင် နောက်တကြိမ် တွေ့ဆုံ ဆွေးနွေးပြီးရင်တော့ လုပ်ငန်းတွေ စဆောင်ရွက်နိုင်တော့မယ်လို့လည်း ဆိုပါတယ်။













