BBC navigation

SNLD ပထမဆုံးညီလာခံ ကျင်းပ

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 23:20 GMT
04_bbc_snld

SNLD ညီလာခံကျင်းပ

၁၉၉၀ ရွေးကောက်ပွဲ မှာ ဒုတိယ မဲ အများဆုံးနဲ့ အနိုင်ရလာခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ ပထမဆုံး အကြိမ် အဖြစ် ပါတီညီလာခံ ခေါ်ယူ ကျင်းပပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့သစ် အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့သစ်ထဲမှာ ဥက္ကဌ အဖြစ် ခွန်ထွန်းဉီး ကို ပြန်လည်ရွေးချယ်ပြီး ပြည်ပ က ကျောင်းပြီးလာတဲ့ လူငယ်တွေနဲ့ပါ ဗဟို အလုပ်အမှုဆောင် အဖွဲ့သစ် ထဲမှာ ထည့်သွင်းထားပါတယ်။ ပါတီ ရဲ့မူဝါဒ နဲ့ ပတ်သက်ပြီး ခွန်ထွန်းဉီး က ၁၉၉ဝ က မူဝါဒ အတိုင်း တန်းတူရေး၊ အပြန်အလှန် လေးစားမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကိုင်စွဲထားကြောင်း ဘီဘီစီ ကို ပြောပါတယ်။

SNLD ပါတီ အနေနဲ့ အခုလို ပြန်လည် အသက်သွင်းခြင်းဟာ လာမယ့် ၂၀၁၅ ခု ရွေးကောက်ပွဲ မှာ ပါဝင် ယှဉ်ပြိုင်ဖို့ အသက်သွင်း၊ မသွင်း ဆိုဖို့ အရေးမှာ အချိန်စောသေးကြောင်း ကြားကာလ မှာ အခြေအနေ တွေ ပြောင်းလဲနိုင်သေးကြောင်း၊ ရှမ်းပြည်နယ် အတွင်းရှိ တခြားပါတီ တွေနဲ့ လည်း ဆွေးနွေးဉီးမယ့် အကြောင်းတွေ ကို ခွန်ထွန်းဉီး က ဘီဘီစီ ကို ရှင်းပြ ပါတယ်။

ရှမ်းပြည်မှာ SNDP ကျားဖြူပါတီ လည်းရှိသေးတဲ့ အတွက် ရှမ်းပါတီ နှစ်ခု ကို ပူးပေါင်းနိုင်မယ် ဆိုရင် ဒေသခံ ရှမ်းလူထု အနေနဲ့ တွေဝေမှု မရှိနိုင်တော့ပဲ ရှမ်းပြည် လူထု အကျိုးများနိုင်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

SNLD ပါတီဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ပါတီမှတ်ပုံတင် ကျခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲ ဝင်မယ် ဆိုရင်လည်း ရွေးကောက်ပွဲ စည်းမျဉ်း အရ တနိုင်ငံလုံး အနေအထား အနေနဲ့ ပါတီဝင် ဉီးရေ အနည်းဆုံး ၁ဝဝဝ ရှိရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း မှတ်ပုံတင်ခွင့်ရ အပြီး ရက်ပေါင်း ၉ဝ အတွင်းမှာ တင်ပြရမှာပါ။ အခု အချိန်မှာ SNLD ပါတီဟာ အဖွဲ့ဝင် အင်အား ၂ဝဝဝ နီးပါး ရှိနေတဲ့ အကြောင်း ခွန်ထွန်းဉီး က ဘီဘီစီ ကို ရှင်းပြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။