BBC navigation

၆၂ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပ

နောက်ဆုံး ရေးသားချိန် 12 သြဂုတ်လ 2012 - 16:34 GMT

KNU ဥက္ကဌ စောတာမလာဘောရဲ့ သဝဏ်လွှာ မှာတော့ ဆွေးနွေးပွဲ ပိုမို ပွင့်လင်းဖို့ သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း

မြန်မာနိုင်ငံက လက်ရှိအစိုးရဟာ၊ ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ်က ဒီနေ့ ကျရောက်တဲ့ ၆၂ နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်း အနားမှာ ပြောကြား လိုက်ပါတယ်။

"ဒီပြဿနာက လက်နက်နဲ့စစ် မြေပြင်မှာ ပြီးမယ့် ပြဿနာမဟုတ်ပါဘူး၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ တန်းတူရည်တူ လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ် "

ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖိုး

ကေအင်ယူနဲ့ အစိုးရ ကြားမှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကတော့ ရှေ့ဆက်သွားနေဆဲ ဖြစ်ပြီး၊ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သူ့အနေနဲ့ ယုံကြည် ကြောင်း ကေအင်ယူ အဖွဲ့ရဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖိုးက သူ့ရဲ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ကျင်းပတဲ့ ကရင့်အာဇာနည်နေ့ အခန်းအနားကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖိုး အပါ အဝင်လူ ၅၀၀ လောက် တက်ရောက်ခဲ့ ပါတယ်။

ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့ ကေအင်ယူ ဥက္ကဌ စောတာမလာဘောရဲ့ သဝဏ်လွှာမှာတော့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲဟာ နိုင်ငံရေးထက် စီးပွားဖွံဖြိုးရေး ဖက်ကို အသား ပေးနေ ပြီးတော့ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်က ပိုပါဖို့ လိုပြီးတော့၊ ဆွေးနွေးပွဲဟာ ပိုမို ပွင့်လင်းဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း ထားပါတယ်။

အခုကျင်းပတဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဆယ်ကျော် သက် အရွယ် ကရင်လူငယ်တွေ ရာနဲ့ချီ ပါဝင်ကြတာကို တွေ့ရပါတယ်။

ဆယ်ကျော်သက် အရွယ် ကရင်လူငယ်တွေ ရာနဲ့ချီ ပါဝင်ကြတာကို တွေ့ရ

ကရင်တမျိုးသားလုံး ရသင့်ရထိုက်တဲ့၊ တန်းတူ အခွင့်အရေး ရရှိရေးနဲ့ ကရင်ပြည်နယ်မှာ ကရင်တွေက သူတို့ ကံကြမ္မာ သူတို့ဖန်တီးခွင့် ရအောင်ကြိုးပမ်းရင်းနဲ့ ကရင် အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ကျဆုံးတဲ့နေ့ကို ကရင့်အာဇာနည်နေ့ အဖြစ် သတ်မှတ် ကျင်းပကြတာ ဖြစ်ပါတယ်။

စောဘဦးကြီးဟာနဲ့အဖွဲ့ဟာ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တုန်းက၊ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ထော့ကိုကိုးရွာမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။