BBC navigation

သတင်းစာဆရာအသင်းကို ပြန်ကြားရေး ဝန်ကြီး ခေါ်တွေ့

နောက်ဆုံး ရေးသားချိန် 12 သြဂုတ်လ 2012 - 15:22 GMT

သတင်းစာ ဆရာအသင်း ကိုယ်စားလှယ်တွေကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ခေါ်တွေ့

မြန်မာနိုင်ငံမှာ အစိုးရရဲ့ အမြုတေ စာနယ်ဇင်း ကောင်စီနဲ့ အပြိုင်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက အဖွဲ့ဝင်တွေကို ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက တနင်္ဂနွေနေ့က ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

အမြုတေ စာနယ်ဇင်းကောင်စီကို အစိုးရက ဖွဲ့စည်းခဲ့အပြီး ၂ရက်အကြာမှာ အဲဒီ စာနယ်ဇင်း ကောင်စီ ဝင်တွေ အပါအဝင် သတင်းသမားတွေက မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းကို ဖွဲ့စည်းလိုက်ပြီး အစိုးရရဲ့ စာနယ်ဇင်းကောင်စီရဲ့ တာဝန်ပိုင်းဆိုင်ရာ အချက်တွေကို ပြင်ဆင်ရေးဆွဲပေးဖို့ ကြေညာချက် ထုတ် တောင်းဆိုခဲ့ကြတာပါ။

အမြုတေ စာနယ်ဇင်းကောင်စီရဲ့ စာပေစိစစ်ရေး အပါအဝင် လုပ်ငန်း တာဝန်ပိုင်း ဆိုင်ရာ အချက်တွေကို ပြင်ဆင်ရေးဆွဲပေးဖို့ အဲဒီ ကြေညာချက် သဘောထားတွေနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးကျော်ဆန်းကို ပြောပြခဲ့ကြသလို ဝန်ကြီး ဦးကျော်ဆန်း ဘက်ကလည်း ဒီအချက်တွေကို ဘာ့ကြောင့် ထည့်သွင်း ရေးဆွဲခဲ့တာလဲ ဆိုတာကို ပြန်ရှင်းပြခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဌ စာရေးဆရာ မောင်ဝံသက ဘီဘီစီကို ပြောပါတယ်။

သတင်းသမားတွေဘက်ကတော့ ဒီအချက်တွေကို ပြင်ဆင်မပေးရင် အမြုတေ စာနယ်ဇင်းကောင်စီထဲမှာ မပါနိုင်ကြောင်း အတိအလင်း ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

စာပေစိစစ်ရေးဆိုင်ရာ လုပ်ငန်းတာဝန် အချက်အလက်တွေကို ပြင်ဆင် ပြောင်းလဲဖို့ တောင်းဆိုထားဆဲ ဖြစ်တဲ့အတွက် အမြုတေ စာနယ်ဇင်းကောင်စီရဲ့ စာပေစိစစ်ရေး လုပ်ငန်းတာဝန်တွေ မစနိုင်သေးပဲ လောလောဆယ်မှာ ထုတ်တင် စနစ်အစား စာမူတွေကို စိစစ်ရေးကို ကြိုတင်ကြဖို့ ဖုန်းဆက် ပြောကြားတာတွေ ရှိနေတယ်လို့ သိရကြောင်း၊ ဒါ့ကြောင့် စာပေစိစစ်ရေးက ဆက်ရှိဦးမယ့် သဘောမျိုးလို့ ယူဆရကြောင်း မောင်ဝံသက ပြောပါတယ်။

သတင်းသမားတွေဘက်က ပြောစရာ ရှိတာတွေကို ပြန်ကြားရေး ဝန်ကြီးကို ပြောပြ ထားပြီး ဖြစ်ပြီး ဘယ်လောက်အထိ ပြင်ဆင် လိုက်လျောပေးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။