BBC navigation

၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို အခမ်းအနားများ

နောက်ဆုံး ရေးသားချိန် 8 သြဂုတ်လ 2012 - 12:33 GMT

NLD နာယက ဦးတင်ဦးနဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်တို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြပါတယ်

ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအုံကြွမှု ၂၄ နှစ်မြောက် အခမ်းအနား တွေကို ရန်ကုန်၊ မန္တလေးမြို့ ကြီးတွေ အပါအဝင် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ကျင်းပ ပြုလုပ် ခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်တို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြပါတယ်။

တပါတီ အာဏာရှင် စနစ်ကို ပြည်သူလူထု ကနေ အုံကြွတော်လှန် ခဲ့တာ ၂၄ နှစ်ကြာတဲ့ ဒီကနေ့ အချိန်မှာ၊ ပြောင်းလဲမှု အရိပ်အယောင်ကို တွေ့ရကြောင်း၊ အနှစ်သာရ အရ ပြောင်းလဲမှု ကတော့ မရှိသေးကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

"အနှစ်သာရအရ ပြောင်းလဲမှု ဘာမှမရှိပါဘူး၊ အရိပ်အယောင်လောက်ပဲ ရှိတယ်လို့ တွက်ပါတယ်"

NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်

ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မပြီးပြတ် သေးကြောင်းနဲ့ ဆုံးခန်းတိုင် မရောက်သေးကြောင်း ဦးဝင်းတင်က ဆက်ပြော ပါတယ်။

ဒီအခမ်းအနားကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ နိုင်ငံရေး အကျဉ်သားဟောင်းတွေ၊ စာပေသမားတွေနဲ့ အများပြည်သူ စုစုပေါင်း လူတထောင်ကျော်လောက် တက်ရောက် ခဲ့ကြပါတယ်။

မန္တလေးမြို့ အခမ်းအနား

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ဦးဆောင်ကျင်းပတဲ့ မန္တလေးမြို့ ရှစ်လေးလုံး ၂၄ နှစ်မြောက် အခမ်းအနားကိုတော့ ဘုရားကြီး အလယ်တိုက်ဖြစ်တဲ့ ဒက္ခိဏသာရ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားတွေအပါအဝင် လူတထောင်ကျော် တက်ရောက်ခဲ့ ကြပါတယ်။

နောက်ပြီး မန္တလေးမြို့ အနုပညာရှင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးနဲ့ ကျောင်းသားလူငယ် အဖွဲ့တွေလည်း တက်ရောက်ကြပြီး၊ ရန်ကုန်မြို့ ကနေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့လည်း လာရောက်ကာ၊ ကိုရဲလွင်တို့ရဲ့ မဇ္စျိမလှိုင်း အဖွဲ့ အပြင် တခြားနိုင်ငံရေး အင်အားစုတွေပါ တွေ့ရပါတယ်။

မန္တလေးမြို့ အခမ်းအနားကနေ ကြေညာချက်တစောင် ထုတ်ပြန်သွားရာမှာ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး အတွက် အလေးနက်ထား ဆောင်ရွက်ဖို့နဲ့၊ သက်ဆိုင်တဲ့ သူတွေကနေ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုက ဘီဘီစီကိုပြောရာမှာ၊ အပြောင်းအလဲဟာ နောက်ပြန် ပြန်လှည့်လို့ မရတော့ဘူးဆိုတဲ့ လက္ခဏာတွေကို တွေ့နေရ ပြီဖြစ် ကြောင်း၊ ဒီအတွက် ပြုပြင်ပြောင်းလဲလိုသူ ဘယ်သူနဲ့ မဆို ပူးပေါင်းဆောင်ရွက်ဖို့ မူဝါဒ ချမှတ်ထားပြီး ဖြစ်တယ်လို ပြောပါတယ်။

မနေ့ကတော့ အဲဒီ အခမ်းအနား ပြင်ဆင်ရာကို မီးရထား ဝန်ကြီး ဦးအောင်မင်း နဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်း တို့လာရောက်ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို တွေ့ဆုံ အားပေးကာ အလှူငွေပါ ထည့်ဝင် သွား ခဲ့ပါတယ်။

ဝန်ကြီးနှစ်ပါးက ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ အရင်တုန်းက အဆိုးမြင်တဲ့ အမြင်တွေကို ချေဖျက်ဖို့ ပြောကြား သွားတယ်လို့ သိရပါတယ်။

ပျဉ်းမနား နေပြည်တော်

နေပြည်တော်မှာ ကျင်းပနေတဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး တခြား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အမျိုးသမီး အမတ်တွေဟာ လုံခြည် အနက်ရောင် ဝတ်ဆင်ကာ၊ ပဝါ အနက်ရောင်ခြုံပြီး တက်ရောက်ကြ ပါတယ်။

ပျဉ်းမနားမြို့မှာလည်း နိုင်ငံရေး တက်ကြွသူတွေက ရှစ်လေးလုံး ၂၄ နှစ်မြောက်အခမ်းအနား ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။