BBC navigation

လွတ်လပ်ခွင့် မြန်မာ စာနယ်ဇင်း သမားတွေ တောင်းဆို

နောက်ဆုံး ရေးသားချိန် 7 သြဂုတ်လ 2012 - 01:07 GMT

The Voice Weekly Journal


ပြီးခဲ့တဲ့အပတ်က ပိတ်ခံခဲ့ရတဲ့ သည် ဗွိုက်စ် ဂျာနယ်နဲ့ အန်ဗွိုင်းဂျာနယ်ကို စာပေ စီစစ်ရေးစည်းကမ်း မလိုက်နာလို့ ဆိုပြီး ပိတ်လိုက်တာကြောင့် မီဒီယာ လွတ်လပ်ခွင့် တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်ထုတ် ဂျာနယ်တချို့က ဂျာနယ်မျက်နှာဖုံးမှာ အမည်းရောင် အောက်ခံနဲ့ ဖြန့်ချီသလို မုံရွာက သတင်းသမားတွေ ကလည်း စာပေ စီစစ်ရေးဖျက်သိမ်းပေးဖို့ တူညီ၀တ်စုံတွေ၀တ်ပြီး မြို့ထဲလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

ဒီအပတ်ထုတ် မက်ဇင်ဂျာဂျာနယ်ဟာ စာပေစီစစ်ရေးက တားမြစ်တဲ့ကြားကနေ သူတို့ဂျာနယ် မျက်နှာဖုံးကို အမည်းရောင် အောက်ခံပေါ်မှာ အဖြူရောင်စာလုံးနဲ့ မိမိရဲ့ယုံကြည်ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်ရှိသည်ဆိုတဲ့ စာသားနဲ့ရိုက်နိပ်ပြီးတော့ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဂျာနယ် သတင်းသမားတွေက သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို လုပ်ပိုင်ခွင့်ထဲက ဆန္ဒထုတ် ဖော်ခဲ့သလိုဘဲ မုံရွာမှာရှိတဲ့ သတင်းသမားတွေ ကလည်း မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်ဆိုတဲ့ စာသားပါ တီရှပ်အင်္ကျီတွေ၀တ်ပြီး မီဒီယာ လွတ်လပ်ခွင့်ရဖို့နဲ့ သမ္မတ ဆီကို တောင်းဆိုမယ့် စာအတွက် လက်မှတ် စုဆောင်းတဲ့ လှုပ်ရှားမှုကိုလည်း လုပ်ခဲ့ကြပါတယ်။

ဒီလို မုံရွာမှာလုပ်တဲ့ လှုပ်ရှားမှုမျိုးကို သြဂုတ်လ ၄ရက်နေ့က ရန်ကုန်သတင်းသမား ၁၀၀ ၀န်းကျင်ကလုပ်ခဲ့ကြသလို မန္တလေးက သတင်းသမား ၃၀ ကျော်ကလည်း မန္တလေးမြို့မှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

ခုနောက်ဆုံး သိရတာ ကတော့ စာပေစီစစ်ရေးက အကန့်သတ်မရှိ ပိတ်ခဲ့တယ်ဆိုတဲ့ သဗွိုက်စ် ဝိကလီးဂျာနယ်နဲ့ အင်ဗွိုင်းဂျာနယ်ကို ၂ပတ်ပဲထုတ်ဝေခွင့် ပိတ်လိုက်ကြောင်းနဲ့ ၂ပတ်ပြည့်တာနဲ့ ပြန်လည် ထုတ်ဝေခွင့် ပေးမယ့် အကြောင်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။