BBC navigation

ဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ ကေအန်ယူနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 5 သြဂုတ်လ 2012 - 17:39 GMT

မြဝတီမြို့မှာ တွေ့ဆုံ ညှိုနှိုင်းကြတာ ဖြစ်လို့ ထူးခြားတယ်လို့ ပြောရမယ်

မြန်မာ မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဟာ၊ နောက်တကြိမ် ဆွေးနွေးပွဲ အတွက် ဒီနေ့မနက်ပိုင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ ကေအန်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ အကြို ညှိုနှိုင်းခဲ့ပြီး၊ မွန်းလွဲပိုင်းမှာ မဲဆောက်က၊ မဲတော်ဆေးခန်းမှာ ဒေါက်တာ စင်သီယာမောင်နဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

မြန်မာအစိုးနဲ့ ကေအန်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ နောက်တကြိမ် ဆွေးနွေးပွဲ အတွက် အခုတကြိမ် အကြိုတွေ့ဆုံ ညှိုနှိုင်းတာ နည်းနည်း ထူးခြား တယ်လို့ ပြောရ မှာပါ။

အရင်က ထိုင်းဖက်အခြမ်းမှာ တွေ့ဆုံလေ့ ရှိရာက ဒီတကြိမ်မှာ မြ၀တီမြို့က အေးချမ်းဖြိုးရိပ်သာမှာ တွေ့ဆုံညှိုနှိုင်းကြတာဟာ အစိုးရနဲ့ ကေအင်ယူကြားမှာ ယုံကြည်မှု ပိုမို ခိုင်မာလာတဲ့ သဘော ဆောင်လာတာကို တွေ့ရပါတယ်။

အဲဒီမှာ အစိုးရဘက်က ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ နဲ့ ကေအင်ယူဘက်က အတွင်းရေးမှူးချုပ် နော်စီးဖိုးရာစိန်၊ နော်မေဦး၊ စောအောင်ဝင်းရွှေနဲ့ ဗဒိုသောသီဘွဲတို့ ညှိုနှိုင်း ဆွေးနွေး ခဲ့ကြတာပါ။

နောက်တကြိမ် ဘားအံမှာ ဆွေးနွေးဖို့ အကြိုညှိုနှိုင်းခဲ့တာကို လူဝင်မှု ကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလို ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း ဆရာမ စင်သီယာမောင်နဲ့ တွေ့ဆုံခဲ့ ပါသေးတယ်

“အပစ်အခတ် ရပ်စဲရေးရဲ့ state ကို ပိုပြီးတော့၊ ခိုင်မာသွားအောင် နှစ်ဖက် လိုက်နာရမယ့်၊ ကျင့်ဝတ် ပေါ့။ အင်္ဂလိပ်လိုတော့ code of conduct for cease-fire ။ နောက်တကြိမ် စည်းဝေးကို သြဂုတ်လ နောက်ဆုံး အပတ်လောက်မှာ သင့်တဲ့ နေရာမှာ ပေါ့နော်။ အဲဒီမှာ ဆွေးနွေးဖို့ ကျွန်တော်တို့ အကြိုစည်းဝေး လာပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်”

အဲဒီနောက် မွန်းလွဲပိုင်းမှာ အစိုးရ ဝန်ကြီးတွေနဲ့ အတူ ဝန်ကြီး ဦးအောင်မင်းရဲ့ ဇနီး ဒေါက်တာဒေါ်ဝေဝေသာ၊ မြ၀တီမြို့ ဆေးရုံအုပ်ကြီးနဲ့ မန္တလေး ဆေးရုံအုပ်ကြီးတို့ပါ လိုက်ပါ ပြီးတော့ မဲဆောက်မြို့ မယ်တော်ဆေးခန်းကို သွားကာ ဒေါက်တာ စင်သီယာမောင်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းက အခုလိုပြောပါတယ်။

"ဆရာမကြီး ဒေါ်စင်သီယာ တောင်းခံတဲ့ အကူအညီအားလုံးကို လုပ်ပေးသွားမှာ ဖြစ်ပါတယ်"

ဝန်ကြီးဦးအောင်မင်း

“ဆရာမကြီး ဒေါ်စင်သီယာ တောင်းခံတဲ့ အကူအညီ အားလုံးကို လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ နံပါတ်တစ် အချက်ကတော့၊ ဒီမှာမွေးတဲ့ ကလေးတွေ အားလုံးကို မြန်မာနိုင်ငံ ကနေ Birth Certificate ထုတ်ပေးဖို့ ဖြစ်ပါတယ်။ ဒုတိယ ကတော့၊ ဒီက ရှိတဲ့လူနာတွေကို မြဝတီဆေးရုံကို Refer လုပ်ဖို့ အတွက် ဖြစ်ပါတယ်။ နောက် တတိယ အချက် ကတော့၊ ဒီမှာ လေ့ကျင့်ပြီး သား ဖြစ်တဲ့ နယ်လှည့်ကျော်ပိုးအိတ် ဆေးကုသတဲ့ အဖွဲ့တွေကို HA လက်မှတ်တွေကို မြန်မာနိုင်ငံက တရားဝင် ထုတ်ပေးဖို့ဖြစ်ပါတယ်”

မြ၀တီ ဆေးရုံမှာ လူနာ ကုတင်တိုးချဲ့ ပေးဖို့ကိစ္စ၊ အထူးကု ဆရာဝန်တွေ တိုးပြီး ပို့ပေးဖို့နဲ့ ဆေးဝါး အထောက်ကူပြု ပစ္စည်း ကိရိယာတွေ တိုးချဲ့ တပ်ဆင်ပေးရေး ကိစ္စ တွေကို၊ ကရင် ပြည်နယ် ငြိမ်းချမ်းရေး အတွက်ရမယ့် နိုင်ငံတကာ အကူအညီ တွေ အထဲကနေ ဆောင်ရွက် ပေးသွားမယ်လို့ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းက ပြောသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။