BBC navigation

သမ္မတနဲ့ မတွေ့ခင် ၁၄ ပါတီက ဝန်ကြီးတွေနဲ့ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 24 ဇူလိုင်လ 2012 - 16:32 GMT
Industry Minister of Burma, U Soe Thein

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်း

လာမယ့် သီတင်းပတ် အတွင်းမှာ သမ္မတ ဦးသိန်း စိန်နဲ့ တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ အကြို ဆွေးနွေးပွဲ အဖြစ် ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်းနဲ့ ရထား ဝန်ကြီး ဦးအောင်မင်း တို့က ပါတီပေါင်း ၁၄ ပါတီက ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

သူတို့ တွေ့ဆုံကြရာမှာ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်း ကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ရွှေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဦးဟန်ရွှေက ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ လောလောဆယ် အရေးပေါ် အခြေအနေ ကြေညာ ထားတဲ့ အခြေ အနေမှာ တည်ငြိမ်မှု ရနေပြီ ဖြစ်ပြီး ချထားတဲ့ တပ်တွေ ပြန်လည် ရုပ်သိမ်းရေး၊ ဒုက္ခသည် အရေး နဲ့ နိုင်ငံသား စိစစ်ရေး ကိစ္စတို့ကို ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသား ပါတီတွေက ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

တခြားနိုင်ငံကနေ ခိုးဝင်လာသူတွေရဲ့ နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ချမှတ်ထားတဲ့ တရားဥပဒေတွေ အတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ဖို့ လိုတယ်လို့ လည်း သူက ပြောပါတယ်။

လက်ရှိ တိုင်းရင်းသား အဖွဲ့ အစည်း တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ဝန်ကြီး နှစ်ယောက်က တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ကြိုးစား ဆောင်ရွက်မယ်၊ တိုင်းရင်းသားတွေ ရှိနေတဲ့ နေရာတွေကို ရောက်အောင်သွားပြီး ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေး ရတဲ့ အထိ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးတွေက ပြောခဲ့ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ရွှေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲဝင် ခဲ့ကြတဲ့ SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ALD ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ကရက် စတဲ့ တိုင်းရင်းသား ပါတီတွေ အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနဲ့ တခြား နိုင်ငံရေး ပါတီ က ကိုယ်စားလှယ် တွေကို ဝန်ကြီး နှစ်ယောက်က ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။