BBC navigation

မြန်မာအစိုးရ စစ်တပ်အတွက် ကလေးစစ်သား စုဆောင်းနေဆဲ

နောက်ဆုံး ရေးသားချိန် 30 ဇွန်လ 2012 - 16:46 GMT

ကလေးစစ်သား ပပျောက်ရေး ကုလနဲ့ သဘော တူချက်ကို ဒုတိယဗိုလ်ချုပ်ကြီး လှမင်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်

မြန်မာအစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား တွေ အသုံးပြု နေတာတွေကို လုံးဝ ပပျောက်ဖို့ အမှန်တကယ် လုပ်ဆောင် တော့မယ်လို့ ကုလသမဂ္ဂကို ပြီးခဲ့တဲ့ ၃ ရက် လောက်က စစ်တပ် တာဝန် ရှိသူတွေက ကတိပေးပြီး ပေမယ့်လည်း ခုချိန်ထိ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်သား အဖြစ် စုဆောင်းဆဲ ရှိနေပါသေးတယ်။

စစ်သားစုဆောင်းဖို့ အတင်း အဓမ္မ ဖမ်းခေါ်သွားခံရသူ ကတော့ မန္တလေး မဟာအောင်မြေ မြို့နယ်က ဦးမောင်မောင်လှိုင် နဲ့ ဒေါ်နန်းကေသီဟန်တို့ရဲ့သား မောင်ကျော်သက်ခိုင် အသက် ၁၇ နှစ် ဖြစ်ပါတယ်။

သူ့ကို ဇွန်လ ၇ ရက်ညက မန္တလေးမြို့ ၈၂ လမ်း နဲ့ ၄၅ လမ်း ဘုရားကြီး မြောက်ဘက်မုခ်နားမှာ ပုသိမ်ကြီး အခြေစိုက် ခလရ ၁၁၉ က တပ်သား ချစ်ဦးမောင်နဲ့ သက်ထွေးတို့က ဖမ်းဆီး သွားခဲ့တာပါ။

အဲဒီနောက် သူ့ကို ခလရ ၁၁၉ အချုပ်ခန်း ထဲမှာ ၂၁ ရက် ထည့်ထားခဲ့ပြီး စစ်ထဲဝင်ဖို့ အကြမ်းနည်း၊ အနုနည်းတွေနဲ့ စည်းရုံးခဲ့တဲ့ အကြောင်းနဲ့ နောက်ဆုံး သူထွက်ပြေး လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ မောင်ကျော်သက်ခိုင်က ပြောပါတယ်။

သူ့ကို ထမင်းစားဖို့ လာခေါ်တဲ့အချိန်မှာ အိမ်သာ သွားတက် လိုက်အုံးမယ် ဆိုပြီးတော့ ထွက်ပြေးလာတာ ဖြစ်ကြောင်း မောင်ကျော်သက်ခိုင်က ရှင်းပြပါတယ်။

အချုပ်ထဲမှာ သူအပါအဝင် ကလေး ၁၁ ယောက်လောက် ရှိပြီး၊ စစ်တပ်ထဲ မဝင်ဘူးလို့ ပြောတဲ့သူကို ထိုးကြိတ် ကန်ကျောက် မှုတွေ လုပ်ကြောင်းလည်း သူက ပြောပါတယ်။

သူ့ကို ပြန်လည် ဖမ်းဆီဖို့ လိုက်ရှာနေတဲ့ ခလရ ၁၁၉ က တပ်သားတချို့ ဟာ သူ့အိမ်နားမှာ စောင့်ဆိုင်း နေတာကြောင့် အိမ်မှာ မနေရဲဘဲ မဟာအောင်မြေ မြို့နယ် အန်အယ်လ်ဒီ ပါတီကို တိုင်ကြားပြီး ပုန်းခို နေရတယ်လို့ ပြောပါတယ်။

မဟာအောင်မြေ အန်အယ်လ်ဒီပါတီ အနေနဲ့ မောင်ကျော်သက်ခိုင်ရဲ့ ကိစ္စကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရုံးခွဲ ရန်ကုန် အိုင်အယ်အိုကို တိုင်ကြားထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် လ ၂၇ ရက်နေ့ ကဘဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စရာဒီကာ ကုမာရာဆွာမိနဲ့ ကာကွယ်ရေး ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့ဟာ ကလေးစစ်သား အမှန်တကယ် ပပျောက်ရေးနဲ့ ကလေးစစ်သား ရှိမရှိ တပ်စခန်းတွေ ကို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ သွားရောက် စစ်နိုင်ရေး၊ ကလေး စစ်သားတွေကို မိဘ ဆွေမျိုးတွေဆီ ပြန်လည် ပို့ဆောင် ပျိုးထောင်ပေးရေး စတဲ့ အချက်တွေကို နေပြည်တော်မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့ပေမယ့်လည်း ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေဆဲဆိုတာ မောင်ကျော်သက်ခိုင်ရဲ့ ဖြစ်ရပ်က ဖေါ်ပြနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။