BBC navigation

ကလေး စစ်သား ပပျောက်ရေး အစိုးရနဲ့ ကုလ သဘောတူ

နောက်ဆုံး ရေးသားချိန် 27 ဇွန်လ 2012 - 14:35 GMT
Burma

၂ နှစ် အတွင်း စစ်တပ်ထဲမှာ ကလေးစစ်သား ပပျောက်အောင် လုပ်မယ်လို့ဆို

မြန်မာ နိုင်ငံမှာ ကလေး စစ်သား အသုံးပြု မှုတွေ ပပျောက်ရေး အတွက် ဆောင်ရွက်ဖို့ မြန်မာ အစိုးရနဲ့ ကုလ သမဂ္ဂတို့ ကြားမှာ သဘော တူညီချက် တရပ်ကို လက်မှတ် ရေးထိုး လိုက်ကြပါတယ်။

ကလေး စစ်သား တွေကို အသုံးပြုတဲ့ အတွက် ဆယ်စုနှစ်နဲ့ ချီပြီး အရှက်ရ စရာ စွပ်စွဲ ခံနေရတဲ့ မြန်မာ့ တပ်မတော် ဟာ အခုတော့ ကလေး စစ်သား ပပျောက်ရေး အတွက် တကယ် လုပ်တော့မယ် လို့ ကုလသမဂ္ဂ ကို ကတိပြု လိုက်တာ ဖြစ်ပါတယ်။

ဒီအစီအစဉ် အရ ၂၀၁၄ ခုနှစ် ကျရင် မြန်မာ နိုင်ငံမှာ ကလေး စစ်သား အသုံးပြု မှုတွေ လုံးဝ ပပျောက် သွားအောင် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ကလေး သူငယ်များ ဆိုင်ရာ အဖွဲ့အစည်း UNICEF ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr Ramesh Shrestha က ပြောပါတယ်။

အခု အချိန် အထိ မြန်မာ နိုင်ငံက ကလေး စစ်သား ပြဿနာကို အဓိက ကူညီ ဖြေရှင်း ပေးနေတဲ့ ILO လုပ်နေတဲ့အစီအစဉ်နဲ့ အခု သဘော တူညီချက် အသစ်တို့ ကွာခြားချက် ကတော့ အိုင်အယ်လ်အို က ကူညီ နိုင်အောင် အတွက် အရင်ဆုံး ကာယကံရှင် ကလေးစစ်သားက၊ ဒါမှမဟုတ် သူ့မိဘဆွေမျိုးတို့ မိတ်ဆွေတို့က တိုင်ကြား မှ စပြီး အရေးယူလို့ ရတာပါ။

အခုတော့ ကုလသမဂ္ဂ ဝန်ထမ်းတွေ ကိုယ်တိုင် စစ်တပ် စခန်း တွေကို သွားစစ်ဆေး နိုင်တော့မှာ ဖြစ် တယ်လို့ UNICEF ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr Ramesh Shrestha ကပြောပါတယ်။

"အခုအခါမှာ မြန်မာ အစိုးရ ကိုယ်တိုင်က၊ ကလေး စစ်သား ပပျောက်ရေး အတွက် ဆောင်ရွက် ပါမယ် ဆိုတဲ့ ကတိကို စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားပါပြီ။ ဒီသဘော တူညီချက် အရ၊ တပ်သား သစ် တွေ စုဆောင်းတဲ့ အခါမှာ ကလေး စစ်သားတွေ မပါအောင် စိစစ် နိုင်မှာ ဖြစ်သလို၊ ကလေးစစ်သား တွေ ရှိနေတယ်လို့ ယူဆရတဲ့ တပ်စခန်းတွေကိုလည်း သွားရောက် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

လာမယ့် ရက်သတ္တ လေးပတ် အတွင်း စတင်ဖို့ ရှိတဲ့ ဒီအစီအစဉ်ရဲ့ ပထမ အဆင့်အနေနဲ့ စစ်တပ် ထဲမှာ လက်ရှိ ကလေး စစ်သား ဘယ်လောက် ရှိနေ သလဲဆိုတာကို စာရင်းပြုစုပြီး သူတို့ကို စစ်တပ်ကနေ ထွက်ခွင့်ပေးဖို့ နဲ့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်း နိုင်ဖို့ တွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရ တပ်မတော် ဖက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖက်ကပါ ကလေးစစ်သား တွေအသုံးပြု နေကြပြီး အဲဒီလိုကလေးစစ်သားအသုံးပြုတဲ့ လက်နက်ကိုင်အဖွဲ့ အစည်း ၈ ဖွဲ့ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ လုံခြုံရေးကောင်စီ ကိုတင်သွင်းတဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့ ပါတယ်။

ထိုင်း အခြေစိုက် လူ့အခွင့် အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က "လက်မှတ် ရေးထိုး လိုက်တဲ့ Action Plan လို့ ခေါ်တဲ့ ရှေ့လုပ်ငန်းစဉ် ထဲမှာ ဆိုလို့ ရှိရင်၊လက်နက်ကိုင် အဖွဲ့တွေ နဲ့လည်း ကုလ သမဂ္ဂက ပူးပေါင်း လုပ်ဆောင် မယ်လို့ အစိုးရ ကနေ ခွင့်ပြု လိုက်ပါတယ်။ ဒီလိုမျိုး ကြေညာ လိုက်ခြင်း အားဖြင့် ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကလေး စစ်သားနဲ့ ပတ်သက်ပြီး လုပ်ဆောင် နေတဲ့ လေ့လာရေးနဲ့ စောင့်ကြပ်ရေး၊ အစီရင်ခံရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ သူတွေက လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဒေသတွေကို သွားလာ နိုင်မယ်၊ ကလေးစစ်သား အသုံးပြုမှု ရှိလား မရှိလား ကိုစစ်ဆေးနိုင်မယ်" ဆိုလို့ ပြောပြီး ဒီသဘော တူညီချက်ကို ကြိုဆို လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ နေပြည်တော် မှာ ကျင်းပတဲ့ လက်မှတ် ရေးထိုးပွဲကို မြန်မာ အစိုးရ ဖက်က ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ကုလသမဂ္ဂ ဖက်က အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရာဒီကာ ကုမာရဆွာမိ တို့က ဦးဆောင် တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။