BBC navigation

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီမြန်မာပိုင်း မေးမြန်းခန်း

နောက်ဆုံး ရေးသားချိန် 19 ဇွန်လ 2012 - 17:41 GMT

ဒီဥရောပခရီးစဉ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ခရီးစဉ် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဥရောပ ငါးနိုင်ငံ ခရီးစဉ် လှည့်လည် နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အခုတော့ ဗြိတိန် နိုင်ငံမှာ ရောက်နေပါတယ်။ မနေ့ညက လန်ဒန်မြို့ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက် ကတော့ London School of Economics ကို သွားရောက်ပြီး ဘီဘီစီ မြန်မာ ဌာနနဲ့ BBC World Service ကမ္ဘာ တလွှား အသံလွှင့် အစီအစဉ် တည်ရှိရာ Broadcasting House ရုံးသစ် ကြီးဆီ လာရောက်ခဲ့ပါတယ်။

BBC Board of Governers အဖွဲ့က Lord Patten, Lord Williams နဲ့ ဘီဘီစီက အကြီး အကဲတွေ အပါအဝင် ကမ္ဘာ တလွှား အစီအစဉ်က လူတွေက ကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက် ဘီဘီစီ မြန်မာ ဌာနက ဝိုင်းတော်သူ ဝိုင်းတော်သားတွေကို ရင်းရင်းနှီးနှီး သီးသန့် တွေ့ဆုံခဲ့ရာမှာ မြန်မာပိုင်းဌာနကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးဆုံး မွေးနေ့ပွဲလေးကို ပြုလုပ် ပေးခဲ့ပါတယ်။

၁၉ ရက်နေ့ ကျရောက်တဲ့ မွေ့နေ့ကို ဘီဘီစီ မြန်မာပိုင်းက အမှတ်တရ ကျင်းပပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူကြိုက် နှစ်သက်ခဲ့တဲ့ အစီအစဉ်တွေ အကြောင်း ပြောပြခဲ့ ပါတယ်။ တွေ့ဆုံ အပြီးမှာ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေက ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။

မေး - ဥရောပခရီးစဉ်ကို ပြုလုပ်တဲ့အခါမှာ ကိုယ်ပိုင်စီစဉ်တဲ့ ခရီးစဉ်ပါလား၊ ဒါမှမဟုတ် အစိုးရနဲ့ ညှိနှိုင်းမှုတွေ ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်

ဇွန် ၁၄ : ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ မိန့်ခွန်း။

ဇွန် ၁၅ : ဆွစ်ပါလီမန်ကို သွားရောက်။ နော်ဝေကို ဆက်လက်ထွက်ခွာ။

ဇွန် ၁၆- ၁၈: နော်ဝေမှာ နိုဘဲလ်ဆု မိန့်ခွန်းပြော။

ဇွန် ၁၇: Rafto လူ့အခွင့်အရေးအဖွဲ့နဲ့ နော်ဝေနိုင်ငံ ဘာဂန်မြို့မှာ တွေ့ဆုံ။

ဇွန် ၁၈ :အော်စလိုဖိုရမ်မှာ ဦးဆောင်ဆွေးနွေး။

ဇွန် ၁၈ :အိုင်ယာလန် မှာ ဂုဏ်ပြုပွဲတက်ရောက်မယ်။

ဇွန် ၁၉ :LSE ဆွေးနွေးပွဲ၊ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကို အလည် အပတ် ရောက်ရှိ။

ဇွန် ၁၈-၂၅: အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ကို လက်ခံယူမယ်။ ဗြိတိသျှပါလီမန် ၂ ရပ်လုံးမှာ မိန့်ခွန်းပြောမယ်။

ဇွန် ၂၂ : လန်ဒန်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမယ်။

ဇွန် ၂၅ : ပြင်သစ်ကို ထွက်ခွာမယ်။

ဖြေ - ဒါကျွန်မရဲ့ ကိုယ်ပိုင်ခရီးစဉ်ပါ။ သက်ဆိုင်ရာ အိမ်ရှင်အစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ပါတယ်။ ဒါကျွန်မရဲ့ ကိုယ်ပိုင်ခရီးစဉ်ပါ။

မေး - အရင်က ပြည်ပခရီး မသွားတာဟာ မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ခက်ခဲမှာ စိုးလို့ ဆိုတဲ့ အတွက်လို့ သတင်းတွေ ထွက်ပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ အခုရော ရှိပါသလား။ မရှိတော့ဘူးလား။

ဖြေ - မရှိပါဘူး အေးအေး ဆေးဆေးပဲ ပြန်ပြီးတော့ သွားလို့ရမယ်လို့ ယုံကြည်ပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်တုန်းကဆိုရင် မြန်မာနိုင်ငံကနေ ပြည်ပကို ကြည့်ခဲ့ပါတယ်။ အခုပြည်ပရောက်လာတော့ ပြည်ပကနေ မြန်မာနိုင်ငံတွင်းကို ကြည့်ရတဲ့အခါ ဘယ်လိုကွာခြားပါသလဲ။

ဖြေ - ပြည်ပကနေ မြန်မာနိုင်ငံ တွင်းကို ကြည့်တယ်ဆိုတာထက် ပြည်ပမှာ မြန်မာနိုင်ငံအရေးကို ဘယ်လိုမြင်သလဲဆိုတာကို အဲဒါကို ပိုပြီးတော့ ထင်ရှားလာစေပါတယ်။ အရင်နှစ်ပတ်လောက်တုန်းက ထိုင်းမှာ သွားတဲ့ ခရီးစဉ်တုန်းက တွေ့ရတာက ဘာလဲဆိုတော့၊ ပြည်ပက လူထုတွေက အင်မတန်မှာ ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို စိတ်ဝင်စားကြတယ်။ ထောက်ခံကြတယ် နွေးနွေးထွေးထွေး ထောက်ခံကြတယ်ဆိုတာ ကျွန်မတို့ မြင်ရပါတယ်။ ပထမဆုံးထိုင်းခရီးစဉ်မှာ ထိုင်းပြည်သူတွေက တော်တော့ကို နွေးနွေးထွေးထွေးရှိတယ်။ အဲဒါကို အင်မတန်မှာ ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ဒေသအတွက် ကောင်းတယ်လေ။ အာရှဒေသအတွင်းမှာ ရင်းနှီးခင်မင်မှုတွေဟာ တိုးတက်လာမယ်လို့ ကျွန်မ မြင်ပါတယ်။ ဥရောပရောက်တော့လည်း အရမ်းနွေးထွေးတာပဲ။ ဆွစ်ဇာလန်မှာရော နော်ဝေမှာရော မနေ့တုန်းက အိုင်ယာလန်မှာရော၊ အခုအင်္ဂလန်ရောက်လာတော့ရော။ တကယ်တော့ ကမ္ဘာကြီးမှာ လူသားတွေဟာ၊ လူသားချင်း လူသားချင်း ဆက်နွယ်တဲ့၊ ဆက်နွယ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ အများကြီးထင်ပေါ်ပါတယ်။

မေး - အဲဒီလို ပြည်ပက ထောက်ခံမှုအားကို တွေ့လိုက်ရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့လာမယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်လိုမျိုး ရိုက်ခက်မှုတွေ ပြောင်းလဲမှုတွေ ရှိလာနိုင်ပါသလဲ။

ဖြေ ပြောင်းလဲမှု ရိုက်ခတ်မှုဆိုတာထက် ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်း မြင်နိုင်မယ့်အနေအထားကို ရောက်လာတယ်လို့ ထင်ပါတယ်။ အခုဆိုလို့ရှိရင် အားလုံးဟာ တကယ့်ကို စည်းစည်းလုံးလုံးရှိတဲ့ လူသားတွေပါလားဆိုတဲ့ စိတ်က ပိုပြီးတော့ ခိုင်မာလာပါတယ်။

မေး အရင်တုန်းကဆိုရင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပြီးတော့ စဉ်းစားခဲ့ပါတယ်။ အခုလက်တလော မြင်နေရတာ ကတော့ မြန်မာအစိုးရ နဲ့ အဆင်ပြေဖို့ သူတို့ စဉ်းစားနေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သြဇာ လျော့သွားပြီလား။ နိုင်ငံရေး သြဇာ ခြိမ်းချောက်ခံနေရပြီလား။

ဖြေ - ကျွန်မတို့ ဒီအလုပ် လုပ်တာဟာ နိုင်ငံရေး သြဇာအတွက် လုပ်တာလို့ မမြင်ခဲ့ပါဘူး။ နိုင်ငံတိုးတက်ရေးအတွက် ပြည်သူတိုးတက်ရေးအတွက် လုပ်တာပါ။ အစိုးရနဲ့ ဆက်ဆံခြင်းအားဖြင့် ပြည်သူနဲ့ နိုင်ငံအတွက် တိုးတက်စေမယ်ဆိုလို့ရှိရင်၊ ကျွန်မတို့အနေနဲ့ ဝမ်းပန်းတသာ ကြိုဆိုမှာပါ။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ကျွန်မတို့က ထုတ်ပြောရမှာပါ။ ပြောလို့ရှိရင်လည်း ဥရောပနိုင်ငံတွေဟာ ဒီမိုကရေစီ နိုင်ငံတွေ ဆိုတော့၊ ဥရောပက ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ လှုပ်ရှားမှုမို့လို့ ဥရောပနိုင်ငံ အစိုးရတွေကလည်း ကျွန်မတို့ရဲ့ အမြင်တွေကို ပစ်ပယ် လို့ မရဘူး လို့ ကျွန်မမြင်ပါတယ်။

မေး - ခုန ဧည့်ခံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောသွားတဲ့အခါမှာ တောင်အာဖရိကကို နှိုင်းယှဉ်ဖေါ်ပြသွားပါတယ်။ တောင်အာဖရိကမှာ လွတ်လပ်သွားတဲ့အခါ နယ်လ်ဆင်မန်ဒဲလ်လားကို လွှတ်ပေး လိုက်တဲ့ အခါမှာ ဒီကလပ်စ် အစိုးရက နယ်လ်ဆင်မန်ဒဲလ်လားကို လိုအပ်နေတဲ့အခါ ဖြစ်ပါတယ်။ အဲဒီလို နယ်လ်ဆင်မန်ဒဲလ်လားကို လိုသလို ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက လိုတယ်လို့ ထင်ပါသလား။

ဖြေ - ဒါက အစိုးရက လိုတယ်ဆိုတာထက် တိုင်းပြည်က လိုလား မလိုလား ဆိုတာက အဓိက မေးခွန်းပါ။ နိုင်ငံကို အကျိုးပြုဖို့ ဆိုတာဟာ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှ ဖြစ်မှာပါ။

မေး - ဇူလိုင်လ ၄ ရက်နေ့မှာ လွှတ်တော် ပြန်စမှာ ဆိုတော့ လွှတ်တော်မှာ ပထမဆုံးလုပ်ဖို့ ဘာကို စဉ်းစားထားပါလဲ။

ဖြေ - ဒါကတော့ ကျွန်မတို့ CEC မှာ ဆွေးနွေးပြီးသားပါ။ အခုတော့ ပြောလို့ မရသေးပါဘူး။

မေး - ဒေါ်အောင်ဆန်းစုကြည်မှာ ဟာသဉာဏ်ရှိတယ်ဆိုတာ အားလုံးပဲ သတိပြုမိပါတယ်။ အဲဒီ ဟာသဉာဏ်ဟာ ဖခင်ဘက်က ရတာလား မိခင်ဘက် က ရတာလား။

ဖြေ - အဲဒါပြောရမယ်ဆို တခါတုန်းက ဖေဖေ့အောက်မှာ လုပ်ခဲ့တဲ့ စစ်ဗိုလ်တယောက်ကပြောဘူးတယ်။ အဲဒီလို ကျွန်မ က ရီစရာမောစရာ ပြောတော့၊ ဗိုလ်ချုပ်လည်း ဒီလို မပြောတတ်ဘူးတဲ့၊ အမလည်း ဒီလို မပြောတတ်ဘူးပေါ့။ ဘာဖြစ်လို့ ဒီလို ရီစရာ မောစရာ ပြောတတ်တာလည်းလို့ တခါ မှတ်ချက်ချတာတော့ ကျွန်မ မှတ်မိနေပါတယ်။

မေး - အဲဒီတော့ ဘယ်ကရတာပါလဲ။

ဖြေ - အဲဒါတော့ မသိဘူး (ရယ်လျက်)

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။